ALP စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦး လုပ်ကြံခံရမှု AA ကို စွပ်စွဲတာ နာမည်ကြီးချင်လို့ ဖြစ်တယ်လို့ ခိုင်သုခ တုံ့ပြန်

စစ်တွေမြို့ပေါ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ တပ်မှူးနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရတာဟာ AA လက်ချက်လို့ ALP ဘက်ကစွပ်စွဲတဲ့အပေါ် နာမည်ကြီးချင်လို့ ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက တုံ့ပြန်လိုက်ပါတယ်။

“အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်၊ ဒီလိုမျိုး ကျွန်တော်တို့ ULA/AA ကို အခြေအမြစ်မရှိ စွပ်စွဲတယ်ဆိုတာက နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင် လုပ်ချင်လို့လုပ်တာလည်း ဖြစ်နိုင်တာပေ့ါ၊ နောက်တခုကတော့ သူတို့ ALP အချင်းချင်းကြားမှာလည်းပဲ နှစ်ဖွဲ့ကွဲပြီးတော့ သူတို့ တဖက်နဲ့တဖက် စွပ်စွဲတိုက်ခိုက်၊ အဲဒါမျိုး‌တွေ ဖြစ်နေတာရှိတယ်” လို့ သူက DNA ကို ပြောပါတယ်။

ALP စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ သုံးဦးဟာ မနေ့က ဇန်နဝါရီ (၄) ရက်မှာ စစ်ကောင်စီက ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှ အပြန် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်မှာ အမည်မသိသူတွေရဲ့ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ပြဿနာတွေ ရှုတ်ထွေးနေချိန်မှာ တခြားသော အင်အားစုတခုက ပြဿနာတွေဖန်တီးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြံ၊ သတ်ဖြတ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ခိုင်သုခကပြောပါတယ်။

ALP ပါတီရဲ့ ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းကတော့ ဒီဖြစ်ရပ်ဟာ ရခိုင်ဒေသမှာ လုံခြုံမှုမရှိတာကို ပြသနေတဲ့ ဖြစ်ရပ်လို့ဆိုပြီး ရခိုင်ပြည်တော်လှန်ရေး ဖြတ်သန်းမှုမှာ အခုလို လုပ်ကြံမှုမျိုးမရှိခဲ့ဖူးဘူးလို့ ပြောပါတယ်။

“ပြောစရာ သုံးခွန်းပဲ ရှိပါတယ်၊ လုပ်ကြံချင်လို့ လုပ်ကြံတာ၊ လုပ်ကြံလို့ သေသွားပြီ၊ ရခိုင်ပြည်က လုံခြုံရေးလည်း မရှိဘူး၊ ရခိုင်ပြည်တော်လှန်ရေးမှာ ဒီလိုတစ်ခါမှ အတွေ့အကြုံမရှိခဲ့ဘူး၊ ပြောစရာ ဘာမှကို မရှိတော့တာ” လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အဲဒီလိုသတ်ဖြတ်မှုဟာ ULA/AA အနေနဲ့ ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန်အကြမ်းဖက်လုပ်ကြံခြင်းဖြစ်ပြီး ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွှတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူတွေကိုပါ တုန်လှုပ်ချောက်ချားစေတဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ALP ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ ALP/ALA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြဟာ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၈၄- ခုနှစ် ကစပြီး နှစ်ပေါင်း (၄၀) လောက် ပါတနဲ့/တပ်မတော်မှာ တာဝန်ထမ်းဆောင်လာခဲ့ပြီး မဟာမိတ် ကရင်ပြည်နယ်နဲ့ အနောက်ဖက်စစ်ဒေသ (ရခိုင်ပြည်) တို့မှာ ပေးအပ်တဲ့ တာဝန်အဆင့်ဆင့်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့တဲ့ စစ်ဘက်ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ ALP က ဆိုပါတယ်။