တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကြာအင်းကြီးဆိပ်ကြီးမြို့မှာ အသွားအလာရှင်းနေပြီး မြို့ခံတချို့ နေရပ်စွန့်ခွာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီကနေ့မှာ မြို့တွင်း အသွားအလာရှင်းနေသလို မြို့ခံတချို့လည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

“ဒီနေ့လေယာဥ်လာတယ်၊ (နေ့လယ်) တနာရီခွဲလောက်တုန်းက၊ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ တိုက်ပွဲသံတွေ၊ သေနတ်ပစ်သံတွေတော့ မကြားမိသေးဘူး၊ မြို့ထဲမှာ ငြိမ်သက်နေတယ်၊ စားသောက်ကုန် အနည်းကျဥ်းသာ ဆိုင်ဖွင့်ပါတယ်၊ မြို့ထဲမှာ လူသွားတာလည်း နည်းနည်းဘဲရှိတယ်” လို့ သူကပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် တစ်ဝိုက်မှာ ဒေသအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်ခဲ့ ခလရ ၂၈၃၊ ခလရ ၂၈၄ ၊ ခလရ ၃၂ နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာလ ၃၁ ရက်ကစပြီး ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကြတာပါ။ မနေ့ကတော့ တိုက်ပွဲဟာ မြို့အနီးအထိ ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ရင်းတွေကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်သလို လက်နက်ကြီးနဲ့လည်း နေ့စဉ်ပစ်ခတ်မှုတွေရှိနေပြီး မြို့တဝိုက် ကျေးရွာတွေက ဒေသခံထောင်ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့တော့ လက်နက်ကြီးတွေနဲ့ပစ်တယ်၊ မနေ့ကလောက်တော့ မများဘူး၊ ထိတွေ့တိုက်ပွဲတွေလည်း မဖြစ်ဘူး၊ ဘေးနားရွာတွေက ပြေးနေကြတယ်၊ ကြာအင်းဆိပ်ကြီးမြို့ထဲက လူအနည်းကျဥ်းလည်း ပြောင်းနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မနေ့က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာဘာခြံထဲ အလုပ်လုပ်နေတဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတဦးနဲ့ (၂၂)နှစ်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကြာအင်းဆိပ်ကြီး ဒေသတဝိုက်မှာရှိတဲ့ တောင်စွန်း၊ အနန်းကွင်း၊ ဆင်ပြေး၊ ဝင်းခန၊ တစ်ခတ်ချောင်း၊ ချောင်းဝ၊ ဝါးဘိုကုန်းနဲ့ ကျောက်ဘီလူးရွာတွေက ဒေသခံထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

မနေ့က နှစ်ဘက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးတဦး သေဆုံးတဲ့အပြင် ထိခိုက်သေဆုံးမှုများသလို KNLA ပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးသူတွေရှိတယ်လို့ မြေပြင်တော်လှန်ရေး အင်အားစုတွေက DNA ကိုပြောပါတယ်

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစုတွေဘက်က လေးဦးကျဆုံးတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပေမယ့် မြေပြင်သတင်းရင်းမြစ် တချို့ကတော့ တော်လှန်ရေး အင်အားစုတွေဘက်က ဆယ်ဦး ဝန်းကျင် ကျဆုံးတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ချက်မှာတော့ KNLA ပူးပေါင်းတပ်တွေဘက်က အင်အားအလုံးအရင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ပေမယ့် စနစ်တကျ ခုခံတိုက်ခိုက်လို့ ပူးပေါင်းတပ်တွေဟာ အကျအဆုံး အများအပြားနဲ့ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။