နှစ်ကူးမိန့်ခွန်းတွေထဲက သတင်းစကားများ

“ဒီနှစ်အတွင်း တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကိုရယူဖို့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ မဟာမိတ်များ စိတ်ပိုင်း ဖြတ်ထားပြီးဖြစ်တယ်” NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်တွေကို ဦးတည်တဲ့ “PDF ရဲဘော်များသို့”ဆိုတဲ့ ရေဒီယိုအစီအစဉ်ကနေ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အဲ့ဒီလို ပြောပါတယ်။ဒါဟာတော်လှန်ရေးကာလ စစ်ရေးအရ အရေးပါတဲ့ နေရာမှာ ရှိနေတဲ့ ဦးဆောင်သူတဦးဆီကလာတဲ့သတင်း စကားဖြစ်ပါတယ်။

အလားတူပဲ NUG ခေါင်းဆောင်တွေ၊ တော်လှန်ရေးရဲ့ မဟာမိတ်လို့ ဆိုနိုင်တဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေရဲ့ ခေါင်းဆောင်တွေကလည်း သူတို့ရဲ့နှစ်သစ်မိန့်ခွန်းတွေ၊ထုတ်ပြန်ချက်တွေမှာ လူထုကို၊တော်လှန် တိုက်ခိုက်နေသူတွေကို ရည်ရွယ်တဲ့ သတင်းစကားတွေ ထည့်ပေးခဲ့ကြပါတယ်။

အဲ့ဒီသတင်းစကားတွေထဲက အချက်တချို့ကို DNA က ကောက်နုတ်ဖော်ပြချင်ပါတယ်။တော်လှန်ရေးဦးဆောင်သူတွေဆီကအရေးပါတဲ့ သတင်းစကားတွေကို သတိထားမိခြင်းအားဖြင့် ၂၀၂၃ ဟာ ဘယ်လိုနှစ် တနှစ်ဖြစ်လာမလဲဆိုတာ ကြိုတင် ပုံဖော်မှန်းဆကြည့်လို့ရမှာပါ။

အဆုံးအဖြတ်နှစ်

“၂၀၂၃ခုနှစ်ဟာတော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်ပါတယ်၊ဒီအကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ဖို့နဲ့ တိုင်းရင်းသားပြည်သူအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ဖို့ဆိုရင် တိုင်းရင်းသား ပြည်သူ တရပ်လုံး ဆက်လက်အားစိုက်တော်လှန်ကြဖို့လိုပါတယ်”လို့ ယာယီ သမ္မတဒူဝါလရှီးလကဆိုတယ်။

၂၀၂၃ ဟာ တော်လှန်ရေးအတွက် အရေးကြီးတယ်ဆိုတာဟာပြီးခဲ့တဲ့ လအနည်းငယ်ကြာကတည်းက အကြိမ်ကြိမ်ကြားခဲ့ရပြီးသားစကားစုပါ။အခုနှစ်သစ်ကာလမှာလည်း ဒီစကားကိုပဲ ထပ်ခါထပ်ခါ ပြန်ကြားကြရပြန်ပါတယ်။ဘာကြောင့်ပါလဲ။

အခုနှစ်ဟာ တော်လှန်ရေး အဆုံးသတ်၊အဆုံးအဖြတ်နှစ်လို့ NUG ခေါင်းဆောင်တွေကပြောပါတယ်။

၂၀၂၃ ခုနှစ်ဟာတိုင်းပြည်၏ နိုင်ငံရေး ကံကြမ္မာ အလှည့်အပြောင်းအတွက် အင်မတန်အရေးကြီးသော နှစ်ဖြစ်တယ်လို့ သမ္မတဒူဝါလရှီးလက ပြောပါတယ်။

တဘက်မှာတော့ စစ်ကောင်စီကလည်း ၂၀၂၃ခုနှစ်ဟာ သူတို့ရင်ဆိုင်နေရတဲ့ ဖိအားမျိုးစုံအောက်က ရုန်းထွက် ရမယ့်နှစ်လို့ ဆုံးဖြတ် ပြင်ဆင်နေပုံပါ။ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းကတည်းက စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် ခြေလှမ်းကျဲကျဲ လှမ်းနေခဲ့တာပါ။

နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေမြင့်တက်နေဆဲ အခြေအနေကနေပဲ စစ်အုပ်စုဟာ ရတဲ့နေရာမှာ ရသလို ရွေးကောက်ပွဲ လုပ်ပြီး အမည်ခံ အရပ်သားအစိုးရပေါ်ထွန်လာဖို့ မဖြစ်မနေ လုပ်မယ့်ပုံ ရှိပါတယ်။

ဒီလိုအားပြိုင်မှုနှစ်ခု ထိပ်တိုက်တွေ့နေတာကပဲ ၂၀၂၃ ဟာ အရေးကြီးတဲ့နှစ်ဆိုတဲ့စကာလုံးကို တွင်တွင် ကြားလာရစေတာပါ။  

“အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုများ ခြေကုန်လက်ပန်းကျလာမယ့် အချိန်ကိုစောင့်နေတာမို့ ကျွန်တော်တို့အားလုံးတော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်ကြိုးစား လုပ်ဆောင် ရမှာဖြစ်ပါတယ်” ယာယီ သမ္မတ ဒူဝါလရှီးလကပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ပြည်သူ့ ခုခံတွန်းလှန်စစ် ဒုတိယနှစ်လည်းဖြစ်တဲ့ အခုနှစ်မှာ တော်လှန်ရေး အဆုံးအဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေလည်း ရှိထားပြီးဖြစ်တယ်လို့ဆိုတယ်။

သူဆိုလိုတဲ့ အခြေခံကောင်းတွေ ဆိုတာကိုတော့ ယာယီသမ္မတမိန့်ခွန်းထဲက ရှင်းပြချက်တွေမှာတွေ့နိုင်ပါတယ်။

အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပိုပို အထီးကျန်လာနေတဲ့ စစ်အုပ်စုရဲ့ လက်ရှိအခြေအနေ၊ တော်လှန်ရေးအင်အားစုတွေဘက်က စုဖွဲ့ချိတ်ဆက်မှုတွေပိုကောင်းလာတာ၊နိုင်ငံတကာ ထောက်ခံမှုပိုရလာတာအပြင် အမေရိကန်ရဲ့  NDAA ဥပဒေအရ ရလာမယ့် လက်တွေ့အထောက်အပံ့တွေကို ယာယီသမ္မတက ရှင်းပြခဲ့တာပါ။

ဒီလို အခြေအနေတွေကို တော်လှန်ရေး အဆုံးအဖြတ်ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေလို့ ဝန်ကြီး ဦးရည်မွန်က ဆိုလိုပုံရပါတယ်။ဒါကြောင့်ပဲ သူက အခုလို ဆက်ပြောတယ်။

“အရေးကြီးတာက တော်လှန်ရေး အင်အားစုတွေရဲ့ စုပေါင်းအားနဲ့ ဒီတနှစ်အတွင်း တသံတည်းညီပြီး တချီ တည်းရုန်းကြဖို့ပဲဖြစ်လိမ့်မယ်”

အတုအယောင်ရွေးကောက်ပွဲ

နွေဦးတော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ အင်အားစုတိုင်းက ဒီအချက်ကို သိသိသာသာ ထည့်သွင်းပြောဆိုကြပါတယ်။တနည်းအားဖြင့် တော်လှန်ရေး ရှေ့ဆောင် အဖွဲ့အစည်းတွေက လူထုကို အထူးသတိပြုစေလိုတဲ့ သတင်း စကားတခုဖြစ်တယ်လို့လည်း ယူဆလို့ရပါတယ်။

သမ္မတ ဒူဝါလရှီးလ၊NUGနှင့် NUCC တို့၏ ပူးတွဲထုတ်ပြန်ချက်၊မြန်မာပြည်မြောက်ပိုင်းမှာသာမကအလယ်ပိုင်း စစ်ကိုင်း၊မကွေး အညာဒေသတွေမှာပါ စစ်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်ပါဝင်နေတဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ချင်းအမျိုးသားတပ်ဦး(CNF)ဥက္ကဌ တို့ရဲ့ မိန့်ခွန်းတွေ ထုတ်ပြန်ချက်တွေမှာ ဒီအချက်ကိုအလေးထား ဖော်ပြကြတာ တွေ့ရပါတယ်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တယ်လို့ KIOဥက္ကဌ(လက်ရှိအနားယူ)ဗိုလ်ချုပ်ကြီး အင်ဘန်လကပြောပါတယ်။အဲ့ဒီ ရွေးကောက်ပွဲကတဆင့် လူထုရဲ့ ရန်သူ၊ကြားနေအစုအဖွဲ့၊ဓမ္မတရားဘက်က ရပ်တည်တဲ့ အစုအဖွဲ့ စတာတွေကို ထင်ထင်ရှားရှားတွေ့ရလိမ့်မယ်လို့ သူကပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီကိုသက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့လည်း သူကတိုက်တွန်း ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းမှာလည်း စစ်ကောင်စီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလားတူ ထည့်ပြော ထားပါတယ်။

အင်အားချိနဲ့ အထီးကျန်နေတဲ့ စစ်ကောင်စီဟာ ၂၀၂၃ခုနှစ်မှာ အတုအယောင်ရွေးကောက်ပွဲ လုပ်ပြပြီး ထွက် ပေါက်ရှာဖို့ ကြိုးစားနေတယ်လို့ သမ္မတဒူဝါလရှီးလက ဝေဖန်ပါတယ်။

“အကြမ်းဖက်စစ်အုပ်စုရဲ့  ရွေးကောက်ပွဲဆိုတာ ၎င်းတို့ရဲ့ အာဏာသက်ဆိုးရှည်ရေး သူတို့ရင်ဆိုင်နေရတဲ့ စစ် ရေး၊နိုင်ငံရေး အကျပ်အတည်းတွေကို လျှော့ချနိုင်ရေးအတွက် ရည်ရွယ်လုပ်တဲ့ ဆင်သေကို ဆိတ်သား ရေနဲ့ ဖုံးတဲ့ နိုင်ငံရေးလှည့်ကွက်၊နိုင်ငံရေး ထောင်ချောက်သပ်သပ်ပဲဖြစ်ပါတယ်” လို့သူကဆိုတယ်။

ဥပဒေအရပ်ရပ်ကို ချိုးဖောက်၊ နိုင်ငံတော်အာဏာကို အကြမ်းဖက် လုယူဖို့ ကြိုးပမ်းနေရုံသာမကလူထု ရဲ့ အ သက် အိုးအိမ်စည်းစိမ်ကို သတ်ဖြတ်၊ညှင်းပန်းနှိပ်စက် ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အာဏာလုံးဝမရှိဘူးလို့ NUGနဲ့NUCC တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာလည်းဖော်ပြ ထားပါတယ်။

ဒါ့အပြင် ချင်းအမျိုးသားတပ်ဦး(CNF)ဥက္ကဌ ပူးဇင်ကျုံးကလည်း စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ပြည်သူတ ရပ်လုံးက ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

စုစည်းညီညွတ်မှုဟာ အခရာ

တကယ်တမ်းက နွေဦးတော်လှန်ရေးဟာ စုစည်းညီညွတ်မှုနဲ့ပဲ စတင်ခဲ့ကြရတာလို့ ဆိုနိုင်ပါတယ်။ စစ်အာ ဏာရှင်ကို လက်မခံတဲ့ လူထု တရပ်လုံးရဲ့ စုစည်းမှုတွန်းအားတွေကြောင့် CDM လှုပ်ရှားမှုတွေ၊နိုင်ငံရေး တုံ့ ပြန်မှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအဆင့်အထိ ရောက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် တော်လှန် အရှိန်မြင့်တက်လာတာနဲ့အမျှ၊လက်နက်ကိုင်တော်လှန်စစ် အဆင့်မြင့်တက်လာတာနဲ့ အမျှ၊တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ စုစည်းညီညွတ်မှုတွေကို ပိုမိုလိုအပ်လာတဲ့ အခြေအနေတွေကို ရောက်လာနေပါတယ်။

တဘက်မှာလည်း မတူညီတဲ့ လက်ကိုင်သဘောထားတွေ၊နောက်ခံဖြတ်သန်းမှုတွေ၊အမြင်တွေနဲ့ တော်လှန်ရေး လောကဓံကို ကြံ့ကြံ့ခံနိုင်မှုတွေအပေါ်မူတည်လို့ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ကြား အမြင်ကွဲလွဲတာတွေ စုစည်း ညီညွတ်မှု ပြေလျော့သွားတာ၊ဒါမှမဟုတ် လိုအပ်သလောက် စုစည်းညီညွတ်မှုမတည်ဆောက်နိုင် သေးတာတွေ လည်း ရှိနေဆဲပါ။

တပြိုင်တည်းမှာပင် စစ်အုပ်စုကလည်း သူတို့ရဲ့ ထုံးစံအတိုင်း တော်လှန်ရေးအင်အားစုတွေ သွေးကွဲပြိုလဲသွားဖို့၊ လူထုနဲ့ တော်လှန်ရေး အင်အားစုတွေသွေးကွဲသွားဖို့  သွေးခွဲဝါဒဖြန့်မှုတွေ အရှိန်မြှင့်လာတဲ့ အချိန်လည်းဖြစ်ပါတယ်။

ဒီအချက်ကိုလည်း တော်လှန်ရေး ခေါင်းဆောင်တွေက ထောက်ပြသတိပေးကြပါတယ်။

စစ်အုပ်စုနဲ့ စစ်အုပ်စုလော်ဘီတွေက မမှန်မကန်သတင်းတွေ၊မဟုတ်မမှန် ဝါဒတွေဖြန့်မှုတွေနဲ့ တော်လှန် ရေး အင်အားစုအချင်းချင်း၊တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း၊တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG ကြား ၊ပါတီ တခုနဲ့တခု၊အစုအဖွဲ့တခုနဲ့တခုကြား သွေးခွဲနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကသတိပေးပါတယ်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒအမှားတွေကို နားမထောင်ရုံနဲ့မပြီးပါဘူး၊တော်လှန်ရေး အင်အားစုအချင်းချင်း တွေ ကြားအပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေအစား ကွဲပြားစေတဲ့သတင်းစကားတွေကိုလည်း သတိထား ရှောင်ရှားကြရမှာဖြစ်ပါတယ်”လို့သူကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့သိကြတဲ့ရခိုင့်တပ်တော်(AA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ကိုးကန့်တော်လှန်ရေးတပ် (MNDAA)တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ နှစ်သစ်ကူးထုတ်ပြန်ချက်မှာ လည်း ဒီအချက်ကိုတွေ့ရပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်သူတွေအပါအဝင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံး စုစည်းညီညွတ်မှုနဲ့ အလုပ်လုပ်ကြဖို့ အရေးတ ကြီး လိုအပ်နေတယ်လို့ ညီနောင် မဟာမိတ်သုံးဖွဲ့က ထောက်ပြပါတယ်။

စည်းလုံးညီညွတ်မှုရှိရှိ၊ဟန်ချက်ညီညီ လုပ်နိုင်မှသာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မှာဖြစ်တယ်လို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ အမျိုးသားအတိုင်ပင်ခံကောင်စီ(NUCC)တို့ရဲ့ ပူးတွဲထုတ်ပြန် ချက်မှာလည်း ပြည်သူ့တော်လှန်ရေး အောင်ပွဲခံချိန်အထိ တော်လှန်ရေး အင်အားစုအားလုံးရဲ့ သွေးစည်း ညီ ညွတ်မှုအားနဲ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

MNDAA စစ်ဦးစီးချုပ် ဖုန်တဲရင်က သီးခြားထုတ်ပြန်တဲ့ နှစ်သစ်ကူးသဝဏ်လွှာမှာလည်း ဘုံတော်လှန်ရေး ရည်မှန်း ချက် ပန်းတိုင်ရောက်ဖို့ နှစ်သစ်မှာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပါရှိပါတယ်။

တော်လှန်ရေး အဆုံးအဖြတ်လို့ ဆိုတဲ့ နှစ်သစ်ကတော့ ရောက်ခဲ့ပြီ။လက်ရှိလအနည်းငယ်အတွင်းလည်း ပြီးခဲ့တဲ့ ကာလတွေနဲ့ကွဲပြားခြားနားတဲ့ စစ်ရေး အားပြိုင်မှုတွေကို မြင်တွေ့နေကြရပြီ။နှစ်သစ်မှာ နွေဦးတို့ ဘယ်လောက် အထိ အမြင့်ပျံပြမလဲဆိုတာ ကူညီဖေးမရင်း စောင့်မျှော်ကြရုံသာ…။