ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီ ၄ ရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား ၃၈ ဦးနဲ့ ပုသိမ်မြို့ခံ ၈ ဦး လွတ်မြောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၃၈ ဦးထဲကမှ အမျိုးသား ၃၀ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါဝင် ပြီး ပုသိမ်မြိုခံ သတင်းထောက်တွေဖြစ်တဲ့ ကိုမျိုးမင်းထွန်းနဲ့ မရွှေရည်ဝင်းတို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။
ကိုမျိုးမင်းထွန်းက မြစ်မခသတင်းဌာနက အကြီးတန်း သတင်းထောက်ဖြစ်သလို ဧရာ၀တီတိုင်း သတင်းဌာနမှာလည်း အယ်ဒီတာတဦးဖြစ်ပြီး မရွှေရည်ဝင်းကတော့ တိုင်းဧရာ သတင်းဌာနနဲ့ SKYNET သတင်းဌာနတို့က ရုပ်သံသတင်းထောက်တဦး ဖြစ်ပါတယ်။
“လွှတ်ပေးတဲ့ နိုင်ကျဉ်းအားလုံးက ၅၀၅ နဲ့ ထောင် ၂ နှစ်စီကျနေသူတွေပါ လွတ်ခါနီး လပိုင်းရက်ပိုင်းပဲလိုတဲ့ သူတွေပါ အခြားနိုင်ငံရေးပုဒ်မနဲ့ သူတွေကတော့ ကျန်ခဲ့တယ်” လို့ လွတ်မြောက်လာသူတဦး က DNA ကို ပြောပါတယ်။
လက်ရှိ မှာတော့ ပုသိမ်ထောင်အတွင်းမှာ အခြားထောင်တွေက ပြောင်းလာတဲ့ ထောင်ဒဏ် ၁၀ နှစ်နဲ့ အထက်နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်ပဲဆိုရင် နိုင်ငံရေး အကျဉ်းသား ၄၉၉ ကျန်ရှိနေတယ်လို့အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
“အချို့တွေက လွတ်ရက်ကစေ့နေပြီ နောက်မှုထပ်တိုးတာတွေ အမှုကျန် အမိန့်မချရသေးတာတွေ ကြောင့် ထောင်ထဲမှာ နေကျန်ခဲ့ရတယ်” လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ အခြားပြစ်မှုနဲ့ လွတ်လာသူတွေမှာလည်း အမှုကြီးသမားများ မပါဝင်ပဲ လွတ်ဖို့ ရက်ပိုင်းပဲလိုတဲ့ မူးယစ်ရမ်းကားမှုနဲ့ ထောင်ကျနေသူ ၊ ဧည့်စာရင်းမတိုင်လို့ ထောင်ကျနေသူနဲ့ ညဖက် ၁၂ နာရီနောက်ပိုင်း အပြင်ထွက်လို့ ဖမ်းပြီးထောင်ချခံရသူတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ပုသိမ်ထောင်တွင်းကနေ နိုင်ငံရေး အကျဉ်းသား ၃၈ ဦးနဲ့ အခြားပြစ်မှု အကျဉ်းသား ၂၆၁ ဦး စုစုပေါင်း ၂၉၉ ဦး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။