စစ်ကောင်စီ လွတ်ငြိမ်းခွင့်မှာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့သူတွေမပါ

စစ်ကောင်စီက ဒီကနေ့ အကျဉ်းသား ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါသလို အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့သူတွေ မပါဝင်ဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိတော်လှန်ရေး ကာလအတွင်း တော်လှန်တိုက်ခိုက်သူတွေလို့ စွပ်စွဲသတ်မှတ်ခံရသူတွေကို တရားစွဲဆို ထောင်ချလေ့ရှိတဲ့အကြမ်းဖက်မှု ပြစ်မှုတွေ၊ လူသတ်မှု၊ ဖောက်ခွဲမှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှု စတာတွေကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျုံးမဝင်ဘူးလို့ စစ်ကောင်စီက သတ်မှတ်ထားတာပါ။

ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရအဖွဲ့ဝင်တွေကို စစ်ကောင်စီကတရားစွဲ ထောင်ချခဲ့တဲ့ အမှုတွေဖြစ်တဲ့ အဂတိမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရတဲ့ အမှုတွေကိုလည်း အလားတူ သတ်မှတ်ထားပါတယ်။

ခေတ်အဆက်ဆက် အစိုးရတွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ မှတ်တမ်းတွေအရ အခုလိုလွတ်ငြိမ်းခွင့် ခံစားခွင့်မရအောင် ကန့်သတ်တာမျိုး မရှိခဲ့ဖူးဘူးလို့ ဥပဒေပညာရှင်တချို့ကပြောပါတယ်။ အခုလို ကန့်သတ်လိုက်တာဟာ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ဩဇာသက်ရောက်မှုရှိနိုင်တဲ့ NLD ခေါင်းဆောင်တွေကို ကန့်သတ်ဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

“ဒါကတော့ ထူးထူးခြားခြား လက်ရှိနိုင်ငံရေး အခင်းအကျင်းပေါ်မှာ မူတည်ပြီးတော့ နစက က ဆုံးဖြတ်လိုက်တဲ့ အနေအထားပါ၊ NLD ရဲ့အကြီးအကဲတွေအပါအဝင် ပြီးခဲ့တဲ့ အစိုးရတစ်ဆက်မှာ နိုင်ငံရေးရာထူးရယူထားသူတွေ ၊ပြီးတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းအပါ်မှာ သြောဇာအာဏာသက်ရောက်နိုင်တဲ့သူတွေ ဒီလူတွေနဲ့ ပတ်သက်လို့တော့ မပါစေရဘူးလို့ ပြဌာန်းချက်မျိုးလို့ မြင်ပါတယ်”သူကပြောပါတယ်။

စစ်ကောင်စီက ဒီကနေ့မှာ အကျဉ်းသား ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးသလို ပြစ်ဒဏ်ခြောက်ပုံတပုံ လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အမှုတွေလည်း ရှိပေမယ့် အထက်ပါအမှုတွေနဲ့ အရေးယူခံရသူတွေကတော့ ခြောက်ပုံတပုံ သက်သာခွင့်ကိုလည်း ခံစားခွင့်မရဘူးလို့ ဥပဒေပညာရှင်တွေကပြောပါတယ်။

“အဲ့လိုသတ်မှတ်လိုက်တော့ အကျုံးမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ဥပဒေ ရှစ်မျိုးနဲ့ငြိစွန်းနေတဲ့ လူတွေကတော့ ဒီခံစားခွင့်မရနိုင်ဘူး” လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ ဒီကနေ့ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ ဆူပူစေရန် လှုံ့ဆော်မှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေဖြစ်တဲ့ ၅၀၅ (က) နဲ့ ၅၀၅ (ခ) တို့အရ ထောင်ဒဏ်ချခံခဲ့ရသူတွေဖြစ်ကြောင်း လက်ရှိအချိန်အထိ ရရှိထားတဲ့ အကျဉ်းသားလွတ်မြောက်မှုစာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကစလို့ လွတ်ငြိမ်းချမ်းသာခွင့် ကိုးကြိမ်နဲ့ အကျဉ်းသား (၆၆၀၀၀) ကျော် ပြန်လွှတ်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်း (၅၀၀၀ဝန်းကျင်) သာ ပြန်လွှတ်ပေးခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောထားပါတယ်။

ဒီကနေ့ လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံတဝန်းက လွတ်မြောက်လာသူတွေထဲမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ စာရေးဆရာမနဲ့ ပရဟိတလုပ်ငန်းတွေကြောင့် လူသိများတဲ့ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ဦးထင်လင်းဦး၊ CDM လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ပါမောက္ခ ဒေါက်တာအာကာမိုးသူ၊ ကဗျာဆရာ ကိုမျိုးတေဇာမောင် စတဲ့ လူသိများ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ပါဝင်သလို အာဏာသိမ်းမှုဆန့်ကျင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေလည်း ပါဝင်ပါတယ်။