ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဆယ်ဦးပြန်လွတ်လာ

စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံတဝန်းက အကျဉ်းသား ခုနစ်ထောင်ကျော်ပြန်လွတ်ပေးတဲ့ ဒီကနေ့မှာ ထားဝယ် အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသား ခြောက်ဆယ်ဝန်းကျင် ပြန်လွတ်လာတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ကိုမင်းလွင်ဦးက DNA ကိုပြောပါတယ်။

ဒီကနေ့ ထားဝယ်ထောင်ကနေ ပြန်လွတ်လာသူတွေဟာ ပုဒ် (၅၀၅)နဲ့ ဖမ်းဆီးထောင်ချခံခဲ့ရသူတွေဖြစ်ပြီး အမျိုးသား(၄၃)ဦးနဲ့ အမျိုးသမီး (၂၇)ဦးပါဝင်တယ်လို့ သူကပြောပါတယ်။

ထားဝယ်အကျည်းထောင်က ပြန်လွတ်လာသူတွေထဲမှာ တက်ကြွလှုပ်ရှားသူ ကိုထူးမြတ်လွင်၊7 Day News သ တင်းဌာနက သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းတို့ အပါအဝင် ဒေသတွင်းလူသိများတဲ့ နိုင်ငံရေးအကျဉ်းသားတချို့လည်း ပါဝင်လာတယ်လို့သိရပါတယ်။

စစ်ကောင်စီက ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းအကျဥ်းထောင် အသီးသီးက အကျဥ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးရာမှာ တနင်္သာရီတိုင်းအတွင်း အကျဥ်းထောင် အသီးသီးက အကျဥ်းသား ၂၅၃ဦး လွတ်​မြောက်မှာဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးကDNA ကိုပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းကထားဝယ်၊မြိတ်၊ကော့သောင်းအကျဥ်းထောင်နဲ့ဆင်ဖြူပြင်အကျဥ်းစခန်း၊ကျောင်းဖြူတောင်ရဲဘက်စခန်းစတဲ့ အကျဥ်းထောင်အသီးသီးက အကျဥ်းသားတွေကိုလွှတ်ပေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိ DNAသတင်းဌာနက စုံစမ်းသိရှိရမှုအရ ထားဝယ်အကျဉ်းထောင်က ၉၀ ဦး၊ မြိတ်အကျဉ်းထောင်က ၈၂ ဦး၊ ကော့သောင်းအကျဥ်းထောင်က ၃၃ ဦး၊ ဆင်ဖြူပြင်အကျဉ်းစခန်းက ၂၂ ဦးနဲ့ ကျောင်းဖြူတောင်နဲ့အခြား ရဲဘက် စခန်းက ၂၆ ဦးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းတခုလုံး အခြေအနေအရ ဒီကနေ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ စုစုပေါင်း နိုင်ငံရေးအကျဉ်းသားဘယ်နှဦးပါဝင်တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။