စစ်တွေမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီးလူသုံးဦး သေဆုံး

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ပေါ်မှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကို ခံရလို့ အိမ် စီးကားပေါ်မှာရှိနေတဲ့ အမျိုးသား သုံးဦး သေဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီကနေ့ ဇန်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်း ကျင်လောက်က စစ်တွေမြို့ စက်ရုံစုံရပ်ကွက်မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီရပ်ကွက်နေ သူတွေက ပြောပါတယ်။
 
“သေနတ်သံ လေး၊ ငါးချက်ကြားလိုက်ရတယ်၊ ပြီးတော့ လမ်းဘေးမှာ ထိုးရပ်ထားတဲ့ ကားတစ်စီး ပေါ်မှာ လူသုံးယောက် သေနေတာတွေ့တယ်၊ နဖူးပေါ်မှာ ကျည်ရာတွေနဲ့၊ဘယ်သူတွေ ပစ်တယ်၊ ဘာ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျမသိကြဘူး”လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။
 
သေနတ်ပစ်သမားတွေဟာ ဘယ်သူတွေ ဖြစ်တယ် ဆိုတာနဲ့ ပစ်ခတ်ခံရသူတွေဟာလည်း ဘယ်သူ တွေ ဖြစ်တယ်ဆို တာကိုလည်း မသိရသေးပါဘူး။
 
လက်ရှိအခင်းဖြစ်တဲ့နေရာမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်နေပြီး သေဆုံးသွား သူတွေရဲ့ အလောင်းကိုတော့ ဆေးရုံပို့ထားတယ်လို့ ပြောကြပါတယ်။
 
ရခိုင်ပြည်နယ်စစ်တွေမြို့ပေါ်မှာ အရင်တုန်းကလည်း အခုလိုမျိုး အမည်မသိ သေနတ်သမား တွေရဲ့ ပစ်ခတ်မှု‌ကြောင့် သေဆုံးရသူတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ကတော့ ဖော်ထုတ်နိုင်တာ မရှိပါဘူး။
 
စစ်တွေမြို့ပေါ်မှာ လက်နက်ကိုင်အဖွဲ့တွေ၊ မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်ဆက်နွယ်သူတွေဟာ သေနတ် တွေ ကိုင်ဆောင်ကြတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။