မန္တလေးမှာ UG တွေဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေးတင်းကျပ်ထား

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြို့ပြပျောက်ကြားအဖွဲ့ဝင် UG တွေ အစုလိုက်အပြုံလိုက်ဖမ်းမိတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေးကို တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃ ရက်မှာလည်း မန္တလေးမြို့အဝင်တွေဖြစ်တဲ့ ရွှေကျင်ဂိတ်၊ ၁၆ မိုင်တိုးဂိတ်၊ ရတနာပုံ တံတားအဆင်း နှာပေါက်နဲ့ ထုံးဘိုဂိတ်တွေမှာ စစ်ဆေးရေးတွေမှာ စစ်ဆေးတင်းကျပ်နေတယ်လို့ဆိုပါတယ်။

ဒါအပြင် မြို့ပေါ်မှာလည်း နေရာအနှံဆိုသလို ရွေ့လျားပုံစံနဲ့ စစ်ကောင်စီက စစ်ဆေးရေးတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

” အရင်ပုံမှန်စစ်နေတာထက်ကို ပိုစစ်နေတဲ့ ပုံစံမျိုးပါ။ ယာဉ်ထိန်းစစ်ရင်တော့ လိုင်စင်တို့ ဘာတို့လောက်ပဲစစ်တယ်။ စစ်တပ်နဲ့ ပေါင်းစစ်ရင်တော့ ဆိုင်ကယ်တူဘောက်တွေ ဖွင့်ပြခိုင်းပါတယ် ” လို့ အောင်မြေသာစံမြို့နယ် နေသူတဦးက ဒီကနေ့သူကြုံရတာကို ပြောပြပါတယ်။

စစ်ကောင်စီကပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နှစ်သစ်ကူးည ဖောက်ခွဲရေးတွေလုပ်မယ့်သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ သံဃတော်တပါး အပါအဝင် လူငယ် ၁၆ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ကြေညာထားတာပါ။

အဲဒီလူငယ်တွေကို ရွှေဘိုနဲ့ မန္တလေးက PDF တွေလို့လည်း စွပ်စွဲထားပါသေးတယ်။

လက်ရှိစစ်ဆေးနေမှုဟာ မနက်ဖြန်မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့အတွက် စစ်ကောင်စီက စစ်ဆေးတင်းကျပ်နေတာမျိုးလည်း ဖြစ်နိုင်တယ်လို့ မြို့ခံတချို့ကလည်း သုံးသပ်ပြောဆိုပါတယ်။

” ဒီရက်ပိုင်းထဲ ရပ်ကွက်ရုံးတွေမှာ ပေါက်ကွဲမှုတွေလည်းရှိတယ် လူတွေလည်း ဖမ်းမိနေတယ်ဆိုတော့ လုံခြုံရေး ဂရုစိုက်လုပ်နေတဲ့ သဘောမျိုးပါ ” လို့ စစ်ကောင်စီနဲ့ ရုံးတွေနဲ့ နီးစပ်သူတဦးကလည်း သူသိရတာကို ပြောပြပါတယ်။