ကန့်ဘလူမှာ တလအတွင်း ဒေသခံငါးဦးသတ်ဖြတ်ခံရပြီး နေအိမ် နှစ်ရာကျော်မီးရှို့ခံရ

စစ်တိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တလတည်းမှာတင် အသက်မပြည့်သေးတဲ့  ကျောင်းသားလူငယ်တဦးအပါအဝင် ဒေသခံ ၅ဦးသတ်ဖြတ်ခံရပြီး ကျေးရွာ နေအိမ် ၂၃၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း စစ်ကောင်စီက အမျိုးသား ၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး အဲဒီအထဲမှာ ဇီးပင်သာရွာက ဆဋ္ဌမတန်းကျောင်းသား မောင်သုတဇော် ဆိုသူလည်းပါဝင်တယ်လို့ ကောက်ယူထားတဲ့ စစ်တမ်းတွေအရထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်။

ကန့်ဘလူမြို့မှာ စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေနဲ့ မြွေဆိုးကိုက်ခံရမှုခြေနေတွေကို စစ်တမ်းတခုလည်းလုပ်ထားတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူကDNA ကိုပြောပါတယ်။

” မြေပြင်ကအချက်အလက်တွေကို အတည်ယူပါတယ်။ သေချာ စုံစမ်းပြီးတော့ သတင်းထုတ်တာပါ။ မီးရှို့ခံရတဲ့အိမ်ခြေစာရင်းက ၉၀ ရာခိုင်နှုန်းလောက်အထိ တိကျမှန်ကန်ပါတယ်။ မြေပြင်မှာ ဆက်သွယ်ရခက်တာတွေရှိတာကြောင့် မီးရှို့သတ်ခံရတယ်ဆိုရင် ဘယ်သူဘယ်ဝါ မသိတာတွေရှိတယ် အတည်ပြုရတာမလွယ်ဘူး အခက်အခဲတော့ရှိတာပေါ့ ” လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ရှင်းပြပါတယ်။

ဒါအပြင် ကန့်ဘလူနယ်မှာ စစ်ရှောင်ရင်း တောထဲမှာ မြွေဆိုးကိုက်ခံရတဲ့အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦးရှိခဲ့ပြီး စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်ကြောင့် လုံလောက်တဲ့ ဆေးဝါးကုသမှုမရခဲ့ဘဲ ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

” ကျွမ်းကျင်ဆေးဝန်ထမ်းတွေမရှိဘူးပေါ့။ နောက်တခုက ဆေးကလည်း အိန္ဒိယဆေးဆိုအလွယ်တကူဝယ်မရတော့ဘူး အရင်က ၂ သောင်းပေးဝယ်ရတယ်ဆိုရင် အခု ၂ သောင်းခွဲလောက်ဖြစ်သွားတယ်။

BPI ဆိုရင် တစ်လုံးကို ၁ သိန်း ၈ သောင်းလောက်ရှိတယ်။ ပိုက်ဆံရှိရင်တောင်အလွယ်တကူမရနိုင်ဘူး လမ်းကြောင်းတွေဖြတ်တောက်ခံထားရတာပေါ့။ ဒီကာလမှာမြွေကိုက်ခံရတာများလာသလို ဆေးလိုအပ်ချက်ကလည်း မြင့်လာတယ် ” လို့ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က တာဝန်ရှိသူက ဆိုပါတယ်။