ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်တို့မှာ နုတ်ထွက်ထားကြတဲ့ စစ်ကောင်စီ လက်အောက်ခံကျေးရွာအုပ်ချုပ်ရေးမှူး တရာနီးပါးကို နုတ်ထွက်ခြင်းမပြုဘဲ မူလနေရာမှာ ပြန်လုပ်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ခေါ်ယူပြောဆိုလာတယ်လို့ ဆိုပါတယ်။
ULA/AAရဲ့နယ်မြေတာဝန်ခံကနုတ်ထွက်စာတင် ထားကြတဲ့ အုပ်ချုပ်ရေးမှူး တွေကို မနေ့က ဇန်နဝါ ရီ(၂) ရက်မှာခေါ်ယူတွေ့ဆုံကာပြန်လုပ်ကြဖို့ ပြောဆိုတာဖြစ်တယ်လို့ အဲဒီတွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး တွေက ပြောကြပါတယ်။
“ဒေသဖွံ့ဖြိုးရေးအတွက်အရေးကြီးတယ်ဆိုပြီးတော့ ပြန်လုပ်ခိုင်းတယ်၊ ကျေးရွာမှာ ဥက္ကဌတွေ မရှိဘူးဆိုရင်ကလေးတွေမှတ်ပုံတင်ကိစ္စတွေ၊ ထောက်ခံစာကိစ္စတွေ၊ အလုပ်လျှောက်မယ့်ဟာတွေမှာ နှောင့်နှေးတယ်၊ ထောက်ပံ့ကြေးတွေ ထုတ်လို့မရတဲ့ကိစ္စတွေ ဒါတွေ အဆင်မပြေဘူးပေ့ါ”လို့ နုတ်ထွက်ထားတဲ့အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
ဒါကြောင့်နုတ်ထွက်ထားကြတဲ့အုပ်ချုပ်ရေးမှူးသူတွေအနေနဲ့ ပြန်လုပ်ကြဖို့ စဉ်းစားနေကြတယ်လို့လည်း ဆိုပါတယ်။
အခုလို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီလက်အောက် ပြန်လုပ်ခိုင်းတာနဲ့ပတ်သက်ပြီး AA တာဝန်ရှိသူတွေဆီဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ရခိုင်ဒေသခံတွေကတော့ ကျေးရွာတွေအတွင်း အုပ်ချုပ်ရေးမှူးတွေ မရှိတာကြောင့် ကာကွယ်ဆေး ထိုးမယ့်ကိစ္စ၊ အလုပ်လျှောက်မယ့်ကိစ္စနဲ့ မှတ်ပုံတင် လုပ်မယ့်ကိစ္စတွေအတွက် ထောက်ခံစာယူရတာမှာ အခက်အခဲတွေရှိနေကြတယ်လို့ ပြောပါတယ်။
“မှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာက ရွာမှာ ဥက္ကဌ မရှိ တော့ မရကြဘူး၊ မြို့ထက်က ထွေအုပ်ရုံးမှာ သွားတောင်းရင်လည်း မပေးဘူး၊ အဲလိုဖြစ်နေပါတယ် အခုက”လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံ တဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ AA တို့ကြား အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ရတဲ့အခါ ကြားညှပ်တာ၊ စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းချင်တာ စတဲ့အချက်တွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က အုပ်ချုပ်ရေးမှူး (၇၀) ကျော်နဲ့ ရသေ့တောင် မြို့နယ် (၁၉) ဦးတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလ ဆန်းပိုင်းတို့မှာ နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတော့ နုတ်ထွက်ခွင့် မပြုသေးပါဘူး။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲနဲ့ ပဋိပက္ခ ပြင်းထန်တဲ့ကာလတွေမှာ ဒေသတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးတရားစွဲဆိုတာ၊ ခြိမ်းခြောက်တာတွေ လုပ်လေ့ရှိတယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောကြပါတယ်။
လက်ရှိတစ်ကျော့ပြန်တိုက်ပွဲကာလအတွင်းမှာလည်း ရခိုင်ပြည်နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဆယ်ဦးကျော်ကို စစ်ကောင်စီက ဖမ်းဆီး တရားစွဲထားပါတယ်။
ပြီးခဲ့တဲ့တိုက်ပွဲကာလတုန်းကလည်း ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြားစတဲ့ မြို့နယ်တွေ က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး တွေဟာ ထွက်စာတင်၊ နုတ်ထွက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့တဲ့ AA ဟာ ၂၀၂၀ တိုက် ပွဲတွေ ရပ်နားထားချိန်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးစတဲ့ယန္တရားကို တဖြေးဖြေးတည်ဆောက်နေလာခဲ့ပြီး လက်ရှိမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေကိုကိုင်တွယ်လုပ်ဆောင်နေတာဖြစ်ပါတယ်။