အလုပ်ထုတ်ခံထားရတဲ့မြန်မာပေါင်ချိန်စက်ရုံလုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့အရေး မပြေလည်

မြန်မာပေါင်ချိန်စက်ရုံက အလုပ်ထုတ်ခံလုပ်သားတွေထဲက လုပ်ငန်းခွင်ပြန်ဝင်ဖို့ဆုံးဖြတ်ထားသူတွေဟာ ဒီဇင်ဘာ (၂)ရက် မနေ့က စက်ရုံကိုသွားခဲ့ပေမယ့် ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းခွင်မယ့်အစီစဥ်ကိုဖျက်လိုက်တယ်လို့သိရပါတယ်။

မြန်ပေါင်ချိန်စက်ရုံက အလုပ်ထုတ်ထားတဲ့အလုပ်သမားတွေကို  လုပ်ငန်းခွင်ပြန်ဝင်ဖို့ခေါ်ခဲ့ပြီး အလုပ်မဝင်ခင် စက်ရုံကရေးထားတဲ့စည်းကမ်းချက်တွေကိုလက်မှတ်အရင်ထိုးခိုင်းတယ်လို့ဆိုပါတယ်။

အဲဒီစည်းကမ်းချက်တွေထဲမှာ လုပ်ငန်းခွင်ပြန်ဝင်ပြီးရင်အရင်ကတောင်းဆိုထားတဲ့အချက်တွေကို ပြန်ပြီးတောင်းဆိုတာမလုပ်တော့ဘူးဆိုတဲ့အချက်ပါဝင်နေတာကို လက်မခံနိုင်တာကြောင့် လက်မှတ်မထိုးဘဲပြန်ထွက်လာခဲ့ကြတာလို့ အလုပ်သမားတွေကဆိုပါတယ်။

“နဂိုတောင်းဆိုထားတဲ့အထဲကစက်ရုံဘက်က လိုက်နာဖို့ပျက်ကွက်နေတဲ့အချက်တွေကျန်နေတယ်၊ ဒါတွေကို တခါတည်းအစဖျောက်ချင်တဲ့သဘောနဲ့ တဖက်သက်ကြီး ရေးထားတာ”လို့ အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတဦးကပြောပါတယ်။

အလုပ်သမားတွေက လုပ်ငန်းခွင်ညှိနိူင်းရေးကော်မတီ(WCC)အခြေခံအလုပ်သမားတွေကိုကိုယ်စားပြုသူတွေထည့်သွင်းဖို့၊ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးဖို့စတဲ့အချက်တွေတောင်းဆိုထားကြတာဖြစ်ပါတယ်။

အဲဒီတောင်းဆိုမှုတွေကို စက်ရုံဘက်က ထပ်မလုပ်စေချင်တဲ့ သဘောလုပ်တာကြောင့် ညှိနိူင်းမှုတွေဆက်လုပ်ရဦးမယ်လို့အလုပ်သမားတွေကဆိုပါတယ်။

မနေ့ကအလုပ်ဝင်ဖို့သွားတဲ့သူတွေကို စက်ရုံအတွင်းကအလုပ်သမားတချို့က ကန့်ကွက်ဆန္ဒပြဖို့ လုပ်တာမျိုးနဲ့ကြုံခဲ့ရတယ်လို့လည်း သူတို့ကပြောပါတယ်။

“ရုံးခန်းထဲမှာ ညှိနေတဲ့အချိန် တစ်နေရာမှာသူတို့ (စက်ရုံလုပ်သားတချို့)လူစုနေကြတယ်၊ အထဲက ကိုယ်တွေလူတွေက ဖုန်းကနေမက်ဆေ့တွေလှမ်းပို့တယ်၊လူတွေစုနေကြပြီဆိုတာ၊ရုံးခန်းထဲကထွက်ပြီးအလုပ်ခန်းထဲဝင်ရင်ဆန္ဒပြဖို့လုပ်နေတာ၊ကျွန်မတို့က အလုပ်ခန်းထဲမဝင်ဘဲ ပြန်လာခဲ့ကြတော့သူတို့အစီစဥ်ပျက်သွားတယ်”လို့ အလုပ်သမားတဦးကပြောပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံအလုပ်သမားတချို့ကအောက်တိုဘာ လကုန်ပိုင်းမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြပြီးအဲဒီဆန္ဒပြပွဲမှာပါဝင်တဲ့အလုပ်သမား ၂၆ဦးအလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီထဲက အလုပ်သမား ကိုးဦးက နစ်နာကြေးယူကာအလုပ်ထွက်သွားပြီးကျန်အလုပ်သမားတွေက အလုပ်ပြန်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြတာလို့ဆိုပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံဟာ adidasအမှတ်တံဆိပ်ဖိနပ်ချုပ်လုပ်နေတာဖြစ်ပြီး အလုပ်သမားဦးရေ ၇၀၀၀ နီးပါးနဲ့လည်ပတ်နေတာလို့သိရပါတယ်။