ရေးမြို့နယ်၊ မလွှဲတောင်အနီးမှာ ခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရ

မွန်ပြည်နယ်နဲ့ တနင်္သါရီတိုင်း အစပ်ဒေသဖြစ်တဲ့ ရေးနဲ့ရေဖြူမြို့နယ်တို့ကြား မလွှဲတောင်အနီးမှာ ဒီကနေ့ ဇန်နဝါရီ (၂) ရက် မနက်အစောပိုင်းက ရွှေဝယ်သူခရီးသည်တင်မှန်လုံယာဥ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ကုန်တင်ယာဉ် မောင်းသူနှင်သူတွေဆီက သိရပါတယ်။

မော်လမြိုင်မြို့ကနေ မြိတ်ဘက်ကို မောင်းနှင်လာတဲ့ ရွှေဝယ်သူခရီးသည်တင်ကားကို မွန်ပြည်နယ်ဘက်ခြမ်း မလွှဲတောင်အနီးမှာ ဒီကနေ့မနက် လေးနာရီဝန်းကျင်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဓါးပြတိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ မနက်က ကျွန်တော်လည်း ရန်ကုန်ကအဆင်းပဲ၊ ဒါပေမယ့် ကျွန်တော်က မော်လမြိုင်မှာ ညအိပ်လိုက်တာ၊ အခုဓါးပြတိုက်ခံရတဲ့ကားက မော်လမြိုင်ကနေ မနက်အစောကြီး မြိတ်ဘက်ကို ဆင်းသွားတယ်၊ သိရသလောက်တော့ မလွဲတောင်အနားလို့ပဲ၊ ဓါးပြတိုက်ခံရတဲ့ နေရာက မွန်ပြည်နယ်ဘက်ခြမ်း၊ မွန်ပြည်နယ်ပိုင်နက်ဘက်လို့ သိရတယ်” ဟု ရန်ကုန်-တနင်္သာရီ ကုန်တင်ယာဉ်ပြေးဆွဲနေသူတစ်ဦးက DNA ကို ပြောပါတယ်။

ခရီးသည်တင်ယာဥ်ကို ဓါးပြတိုက်ခဲ့တဲ့အဖွဲ့မှာ အနည်းဆုံး လူခြောက်ဦးထက်မနည်းပါဝင်ပြီး အရပ်ဝတ်အင်္ကျီတွေ ဝတ်ဆင်ထားကာ လက်လုပ်သေနတ်တွေ ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီ အဖွဲ့ကသေနတ်မိုးပေါ်ထောင် ပစ်ဖောက်ခြိမ်းခြောက်ကာ ကားကိုရပ်တန့်စေပြီးနောက် ကားပေါ်ပါသူတွေကိုဆင်းခိုင်းပြီး ရွှေ၊ငွေ၊ လက်ဝတ်ရတနာ ပိုက်ဆံအိတ်တွေနဲ့ လက်ကိုင်ဖုန်းတွေအပါအဝင် ကာလငွေတန်ဖိုး ကျပ်သိန်းတရာကျော်နီးပါး လုယက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေဝယ်သူခရီးသည်တင်ယာဉ်လိုင်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မရလို့ ဆုံးရှုံးမှုပမာဏအတိအကျနဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဓားပြတိုက်မှုဖြစ်ခဲ့တဲ့ နေရာအနီးပတ်ဝန်းကျင် အဝေးပြေးကားလမ်းမတစ်လျှောက်ဟာ စစ်ကောင်စီဂိတ်နဲ့ ကင်းပုန်းအဖွဲ့တွေ ရှိနေသလို လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာနေရာလည်းဖြစ်တာကြောင့် မကြာခဏပစ်ခတ်တိုက်ခိုက်မှု ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။