ရေစကြိုမြို့မှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်ခံရပြီး လေးဦးသေ၊ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၁) ရပ်ကွက်က ကပ်ကျော်ဘုန်းကြီးကျောင်းထဲ တပ်စွဲနေတဲ့ စစ်သားတွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီ (၁) ရက် မနေ့ကမနက်အစောပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး အရာရှိတဦးအပါအဝင် လေးဦးသေဆုံးတယ်လို့ Myingyan Black Tiger-MBT အဖွဲ့ခေါင်းဆောင် ဗိုလ်တိုက်ဂါးက DNA ကိုပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတွင်းသတင်းတွေအရ အတည်ပြုနိုင်တာဖြစ်တယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့ ဗုံးနှစ်လုံးပစ်တာ မကွဲဘူး၊ အဲ့ဗုံးကို စစ်‌ေ-ွးတွေကို ပြန်ရှင်းခိုင်းတယ်၊ အဲ့လိုရှင်းခိုင်းတဲ့အချိန်မှာမှ သူတို့လေးယောက်သေတယ်ဆိုတာ သိရတာ၊ အဲ့လေးယောက်ထဲမှာမှ ဗိုလ်တစ်ယောက်ပါတယ်” လို့ ဗိုလ် တိုက်ဂါးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်တဲ့ အခြေအနေရှိခဲ့ပေမယ့် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်၊ ရေစကြိုမြို့မရဲစခန်းနဲ့ စုပေါင်းရုံးမှာ လုံခြုံရေးယူထားတဲ့ တပ်တွေက ၆၀မမ၊၁၂၀မမ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့ အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်မှာစိုးရိမ်လို့ ဆုတ်ခွာပေးခဲ့တယ်လို့ သူကဆိုပါတယ်။

ရေစကြို မြို့ခံသတင်းရင်းမြစ်တွေကတော့ မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ လူနေရပ်ကွက်ထဲက နေအိမ်တချို့အပေါ် ကျရောက်ပေါက်ကွဲလို့ မြို့ခံအမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ DNA ကိုပြောပါတယ်။

“ကပ်ကျော်ကျောင်းတိုက်ထဲကို စစ်အုပ်စုတပ်စွဲထားတာ တပတ်လောက်ပဲ ရှိသေးတယ်၊ အင်အား ဆယ်ဂဏန်းလောက်ပဲရှိတယ်၊ ပြောရရင် အဲကျောင်းကမြို့ပြင်မှာရှိတယ်၊ သူတို့တိုက်ခံရတော့ မြို့ထဲက စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ကူပေးတာပါ၊ ဒါကြောင့် အမျိုးသမီး ၂ ဦးသေသွားတယ် သက်ငယ်ပိုင်းတဦးနဲ့ သက်ကြီးပိုင်းတဦးပါဗျ ” လို့ ရေစကြိုမြို့ပေါ်က ဒေသခံတဦးက ပြောပါတယ်။

နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း စစ်တပ်နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ထိခိုက်မှုအခြေအနေကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ ကာကွယ်ရေးပူးပေါင်းတပ်တွေကတော့ သူတို့ဘက်က ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ Myingyan Black Tiger (MBT)၊ URBAN UNDERGROUND REVOLUTION FORCE (UURF-YSO)၊ Black Wolf PDF MDY၊ ခွပ်ဒေါင်းနီတပ်ဖွဲ့၊ Myingyan-35 ၊ VOMDY-Front Warrior ၊ဒေါင်းညီနောင်တပ်ဖွဲ့ စတဲ့ပူးပေါင်းအဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။