ဟင်္သာတမှာ ကျောက်ကားပေါ်ကနေ ရိုဟင်ဂျာ လေးဆယ်နီးပါး ဖမ်းမိ

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ ၊ လယ်တီကွင်း စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက်ပိုင်း ၁၀ နာရီကျော်က ကျောက်တင်တဲ့ ဖောကားအပြာတစီး အစစ်ဆေးမခံပဲ မောင်းပြေးတဲ့အတွက် လိုက်လံဖမ်းဆီးရာ ကျောက်တုံးတွေအောက်မှာ ကျင်းခပ်ကာဖွက်ပြီး သယ်ဆောင်လာတဲ့ ရိုဟင်ဂျာ ၃၉ ဦး ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဖောကားအပေါ်က ကျောက်တွေတင်ပြီး အောက်ကလူတွေပါလာတာ ။ လယ်တီကွင်း စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမခံဘဲ မောင်းပြေးတယ်လေ တက္ကသိုလ်ရှေ့ မြဝတီရပ်ကွက်ထဲကို ထွက်ပြေးကြတာ ။ ရပ်ကွက်ထဲက အုပ်မှူးတွေနဲ့ ဝိုင်းပြီးစုပေါင်းဖမ်းဆီးလို့ ပြန်မိတာ။ ကားသမား နှစ်ယောက်ကတော့ ထွက်ပြေးသွားတယ်”လို့ ပြောပါတယ် ။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၃၆ ဦး နဲ့ အမျိုးသမီး ၃ ဦးပါဝင်တယ်လို့ သိရပါတယ် ။ ရိုဟင်ဂျာတွေကို တင်လာတဲ့ ကျောက်တင်ကားဟာ လယ်တီကွင်းကနေ ဟင်္သာတ တက္ကသိုလ်ရှေ့ မြဝတီရပ်ကွက်ထဲကို မောင်းဝင်လာပြီး ကားဒရိုင်ဘာနဲ့ စပယ်ယာတွေဟာ ကားကိုထားပြီး ထွက်ပြေးသွားကြတဲ့အတွက် ကားပေါ်က ကျောက်တွေအောက်မှာ ကျင်းခတ်ပြီး တင်လာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိခဲ့တာပါ ။ သူတို့ကို ဟင်္သာတ အမှတ် (၂) ရဲစခန်းမှာ လူဝင်မှုဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ ပြင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာလည်း ဘိုကလေးမြို့ ကတုံးလေးကျွန်းအနီး လှေပျက်ပြီး ရောက်လာတဲ့ ရိုဟင်ဂျာ ၁၁၂ ဦးကို ဘိုကလေးမြို့နယ်ရဲစခန်းမှာ လူဝင်မှုဥပဒေနဲ့ တရားစွဲထားပါတယ် ။

ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာလူမျိုးစုတွေကို စစ်တပ်က ဆိုးရွားတဲ့ လူအခွင့်အရေးချိုးဖေါက်မှုတွေ လုပ်ဆောင်နေပြီး ၊ မူရင်းဒေသမှာ အသက်ရှင်နေထိုင်ခွင့်မရအောင် လုပ်ဆောင်နေတဲ့အတွက် ရခိုင်ဒေသနဲ့ နယ်မြေချင်း ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ ၊ ပင်လယ်ရေကြောင်းကတဆင့် အိန္ဒိယ နိုင်ငံတွေကို ထွက်ပြေးနေရသလို ဧရာဝတီတိုင်းအတွင်းကိုလည်း အများအပြား ထွက်ပြေးနေကြရရင်း အခုလို ဖမ်းဆီးထောင်ချခံနေကြရတာကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမိုတွေ့ရှိလာရတာ ဖြစ်ပါတယ် ။