မွန်ပြည်နယ်၊ သထုံမြို့နယ် ဂေါကျေးရွာမှာ ဇန်နဝါရီ (၂ )ရက် မနက်ပိုင်းက လမ်းခင်းကျောက်တွေ သယ် ဆောင်လာတဲ့ ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီရထားဟာ ဒီကနေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာဘက်ကနေ ပဲခူးဘက်ကို လမ်းခင်းကျောက်တွေပို့ဖို့ တင်ဆောင်လာတဲ့ ကုန်တင်ရထားတွဲဖြစ်ပြီး သထုံမြို့နယ် ဂေါကျေးရွာ၊ ကွင်းကူးတိုးဂိတ်အနီးမှာ မိုင်းဖောက်ခွဲခံခဲ့ရတာပါ။
ကုန်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရထားတွဲလမ်းချော်ကျခဲ့ပြီး တိမ်းမှောက်သွားခဲ့ခြင်းမရှိပေမယ့် လမ်းပိုင်းနဲ့ ကုန်တွဲတချို့ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ ဂေါကျေးရွာခံတစ်ဦးက DNA ကို အတည်ပြုပြောပါတယ်။
“ မိုင်းဆွဲခံရတာတော့ ဟုတ်တယ်၊ ကျွန်တော်အသံတော့မကြားရဘူး၊ သွားတော့ ကြည့်တယ်၊ အဲဒီမှာ စစ်သားတွေ၊ ရဲတွေနဲ့ ရထားဝန်ထမ်းတွေကို တွေ့တယ်၊ သူတို့ရထားလမ်းပြန်ပြင်နေတာလဲ တွေ့တယ်၊ ရထားက မမှောက်ဘူးလေ၊ လမ်းချော်သွားတယ်၊ ရထားတွဲတွေတော့ ပျက်စီးတာတွေရှိတယ်၊ ကျောက်ခဲတွေတင်ထားတဲ့ ရထားတွဲတော့ တွေ့တယ်” လို့ သူက ပြောပါတယ်။
အဲ့ဒီကုန်တင်ရထားတွဲမိုင်းဖောက်ခဲ့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားခြင်းမရှိသေးသလို DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီခွဲဝန်းကျငိကလည်း မော်လမြိုင်မြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ အမှတ်(၂၇၂) အစုန်ရထား(ကုန်တင်) ဟာ သထုံမြို့၊ ကလိကျွန်းကျေးရွာနဲ့ တံတားဦး ကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
အဲဒီဖောက်ခွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ မော်လမြိုင်မြို့ မော်လမြိုင်ဘူတာကနေ ထွက်ခွာမယ့် ရထားခရီးစဉ်တချို့ ဖျက်သိမ်းလိုက်သလို အဲ့ဒီလမ်း ကြောင်းမှာ ညပိုင်း ခရီးသည်တင်ရထားပြေးဆွဲမှုကိုလည်း နေ့ပိုင်းခရီးစဉ်အဖြစ်အချိန်ပြောင်းပြေးဆွဲနေပါတယ်။