ဘရာဇီး သမ္မတသစ်အဖြစ် လူလာ ကျမ်းသစ္စာ ကျိန်ဆို

ကျမ်းသစ္စာ ကျိန်ဆိုမှု အခမ်းအနား ပြီးတဲ့နောက် လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားဟာ ဘရာဇီး သမ္မတ ရာထူးကို တကျော့ပြန် တာဝန်ယူခွင့် ရလာခဲ့ပြီ ဖြစ်ပါတယ်။

လူလာဟာ ၂၀၀၃ ကနေ ၂၀၁၀ ပြည့်နှစ်ထိ ဘရာဇီး သမ္မတ အနေနဲ့ သက်တမ်း ၂ ကြိမ်ဆက် တာဝန်ယူခဲ့ဖူးပါတယ်။ လက်ဝဲယိမ်း သမ္မတဟာ အောက်တိုဘာ ရွေးကောက်ပွဲတွေမှာ လက်ယာစွန်း ဝါဒစွဲ သမ္မတ ဂျဲ ဘိုလ်ဆွန်နာရိုကို အနိုင်ယူပြီး တတိယအကြိမ် သမ္မတသက်တမ်းမှာ တာဝန်ယူခွင့် ရလာခဲ့တာ ဖြစ်ပါတယ်။

ဘိုလ်ဆွန်နာရိုဟာ လူလာရဲ့ ရွေးကောက်ပွဲ အောင်မြင်မှု ရလဒ်ကို အသိအမှတ် မပြုသလို ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း မတက်ရောက်ခဲ့ပါဘူး။ သူဟာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပတဲ့ ဇန်နဝါရီ ၁ ရက် မတိုင်ခင် ကတည်းက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ဇိမ်ခံ စံအိမ်ကြီးဆီ အလည်အပတ် ထွက်ခွာသွားခဲ့ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုအပြီး တရားဝင် သမ္မတ အနေနဲ့ ပထမဆုံး မိန့်ခွန်းမှာ လူလာက သူဟာ ဆိုးဆိုးရွားရွား ပြိုကွဲ ပျက်စီးနေတဲ့ နိုင်ငံကို ပြန်တည်ဆောက်နိုင်ရေးအတွက် ဦးစားပေး လုပ်ဆောင်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြားသွားပါတယ်။

လူလာကို အားပေးထောက်ခံသူ လူပင်လယ်ကြီးဟာ နှစ်သစ်ကူးပြီး နောက်တစ်နေ့ မနက်အစောပိုင်း ကတည်းက ဘရာစေလီယာ မြို့တော်က လွှတ်တော် အဆောက်အအုံရှေ့မှာ စုရုံး စောင့်ဆိုင်းနေခဲ့တာ တွေ့ရပါတယ်။ အများစုက လူလာရဲ့ အလုပ်သမား ပါတီ သင်္ကေတ အရောင်ဖြစ်တဲ့ အနီရောင်တွေ ဝတ်ဆင်လာကြပါတယ်။

ဒါ့အပြင် အကြီးစား စင်မြင့်ကြီး နှစ်ခု တည်ဆောက်ထားပြီး လူလာရဲ့ အောင်မြင်မှုကို ဂုဏ်ပြုထားတဲ့ လူလာပလူဇာဆိုတဲ့ ဂီတ ဖျော်ဖြေပွဲ အစီအစဉ်ကိုပါ ကျင်းပခဲ့ရာမှာ အနုပညာရှင် ၆၀ ကျော်လောက်က လာရောက် ကူညီပေးခဲ့ကြပါတယ်။

လူလာဟာ အရင် သမ္မတ သက်တမ်းတုန်းက အဂတိ လိုက်စားမှုတွေနဲ့ ဆက်နွှယ်ခဲ့ကြောင်း စွပ်စွဲခံရပြီး ထောင်ဒဏ်ပါ ကျခံခဲ့ရဖူးပါတယ်။ သူ့ရဲ့ နိုင်ငံရေး သိက္ခာဟာ သုညမှတ်နီးပါးထိ ကျဆင်းသွားရာကနေ သမ္မတ အိမ်တော် ပြန်ရောက်လာအောင် ကျားကုတ်ကျားခဲ ကြိုးစားယူခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ လွှတ်တော် မိန့်ခွန်းမှာတော့ အစိုးရသစ် အနေနဲ့ ပြန်လည် တည်ဆောက်ရေးနဲ့ ရင်ကြားစေ့ရေးဆိုတဲ့ ရည်မှန်းချက် နှစ်ခုကို အဓိက အကောင်အထည် ဖော်သွားမယ်လို့ လူလာက ကတိပြုသွားပါတယ်။ သူဟာ သမ္မတဟောင်း ဘော်လ်ဆွန်နာရို လက်ထက်က ပညာရေး၊ ကျန်းမာရေးနဲ့ အမေဇုန်သစ်တော ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေတွေကို လျှော့ချစေခဲ့တာကို ပြန်လည် ပြင်ဆင်သွားမယ်လို့ လူလာက ဆိုပါတယ်။ ပြီးတော့ ဘိုလ်ဆွန်နာရို ပြဋ္ဌာန်းခဲ့ပြီး အငြင်းပွားစရာတွေ အများကြီး ရှိခဲ့တဲ့ လက်နက် ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေတွေကိုလည်း ချက်ချင်း ပယ်ဖျက်စေမယ်လို့ သမ္မတသစ်က ပြောပါတယ်။

သူ့ရဲ့ အစိုးရဟာ အရင်လူတွေ လုပ်ခဲ့သမျှကို အငြှိုးတကြီး လက်စားချေ စွပ်စွဲနေတာတွေ လုပ်ဖို့ ရည်ရွယ်ချက် မရှိပေမယ့် အမှားတွေကို ပြန်ပြင်ရမှာ ဖြစ်သလို အဲဒီ အမှားတွေ ကျူးလွန်ခဲ့တဲ့ သူတွေ အနေနဲ့လည်း သူတို့ရဲ့ လုပ်ဆောင်မှုအတွက် ဖြေရှင်းရမှာ ဖြစ်တယ်လို့ လူလာက ပြောကြားသွားခဲ့ပါတယ်။