အာဏာသိမ်းပြီးနောက် ကရင်နီမှာ အရပ်သားပြည်သူ သုံးရာနီးပါးသေဆုံး

ပြည်တွင်းမှာအာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်ထဲမှာ အရပ်သားပြည်သူ ၃၀၀ နီးပါးသေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီကနေ့ ဇန်နဝါရီ ၁ရက်နေ့မှာထုတ်ပြန်လာပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၁ မေလကတည်းက စစ်ကောင်စီနဲ့ကရင်နီကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်ထဲမှာတော့ တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်တွေဘက်ကကျေးရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးနေချိန်ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိသလို မြေမြုပ်မိုင်းကြောင့် အရပ်သားတွေလည်းသေဆုံးရတယ်လို့ဆိုပါတယ်။
“အဓိက အများအားဖြင့် သေတာက စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်တာရယ်၊ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးတာရယ်က အများဆုံးပါ။ တခြားအကြောင်းက စစ်ကြောရေးထဲ ခြေလွန်လက်လွန်ဖြစ်ပြီး သေတာရယ်၊ ထောင်ထဲမှာ တချို့ ဆေးဝါးကုသမှု မလုံလောက်ပဲ သေဆုံးသွားတာလည်း ရှိတယ်ပေါ့နော်”လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၂၁ ဖော်ဖော်ဝါရီလ ၁ရက်မှ ၂၀၂၂ ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်တပ်က အရပ်သားပြည်သူ ၂၉၃ ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်ဘေးရှောင်နေစဉ်သေဆုံးသွားသူ (၁၂၆) ဦး ရှိခဲ့တယ်လို့ လည်း PKPF ကစာရင်းအချက်အလက်နဲ့ထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်နေစဉ် သေဆုံးမှုတွေကတေ့ စစ်ရှောင်စခန်းတွေမှာ ဆေးဝါး မလုံလောက်မှုနဲ့ အချိန်မှု ဆေးမကုနိုင်လို့ သေဆုံးတာ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါရှိသူတွေ ဆေးဝါးမရလို့ သေဆုံးတာ၊ စစ်တပ်က စစ်ရှောင်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့သေဆုံးရတာတွေရှိတယ်လို့ PKPF မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။
ဒါအပြင် အာဏာသိမ်းမှု ၂နှစ်နီးပါးအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အုံ (၂၇)လုံး၊ နေအိမ် (၁၃၀၉) လုံး ထိခိုက်ပျက်စီးခဲ့ပြီး မတရားဖမ်းဆီးခံရသူ (၂၈၀) ဦး ရှိတယ်လို့ PKPF ထုတ်ပြန်ပါတယ်။
“အဓိကကတော့ ကရင်နီပြည်နယ်ဘက်မှာ စစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်နေတာကတော့ အများကြီး ရှိနေခဲ့တာပါ။ အဲဒါတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ကျနော်တို့ကတော့ အစောတလျင်တိုက်တွန်းတယ်။ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာဆေးဝါးတွေ ပြည့်ပြည့်ဝဝ ရရှိဖို့ လူသားချင်းစာနာမှု အကူအညီတွေ ရရှိဖို့ကတော့ နိုင်ငံတကာမှာ ရှိတဲ့ အသိုင်းအဝိုင်းနဲ့ ကုလအဖွဲ့အစည်းတွေ ထိထိရောက်ရောက်ကူညီပေးဖို့ လိုအပ်နေပါတယ်” လို့ PKPF မှ ပြောရေးဆိုခွင့်ရှိသူကဆက်ပြောပါတယ်။
ဒါ့အပြင် ၂နှစ်အတွင်း စစ်တပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၅၄၄ ကြိမ်ဖြစ်ခဲ့သလို စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်မှုပေါင်း ၁၈၄ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲတွေကြားမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၁၁ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတပ်တွေမှ ၁၆၉၂ ဦး သေဆုံးခဲ့တယ်လို့လည်းဆက်ထုတ်ပြန်ထားပါတယ်။