အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရာမှာ စုစည်းညီညွတ်မှုရှိရှိနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ တိုင်းရင်းသား လက် နက်ကိုင် ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
၂၀၂၃ခုနှစ်အတွက် နှစ်သစ်မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေကို အဲ့ဒီအဖွဲ့အစည်းတွေက မနေ့က ထုတ်ပြန်ခဲ့ပြီး စစ် အုပ်စုကို တော်လှန်တိုက်ခိုက်ရာမှာ စုစည်းညီညွတ်မှုရှိရှိ လုပ်ဆောင်သွားကြဖို့ တိုက်တွန်းချက်တွေ ထည့်သွင်း ဖော်ပြပြောဆိုခဲ့ကြတာပါ။
“တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစုအဖွဲ့တွေအနေနဲ့ ညီညီညွတ်ညွတ်စည်းစည်းလုံးလုံး မဟာဗျူဟာကျကျ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်”လို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါ လရှီးလက သူ့ရဲ့နှစ်သစ်မိန့်ခွန်းမှာ ပြောပါတယ်။
စစ်အုပ်စုနဲ့ စစ်အုပ်စုထောက်ခံသူတွေဟာ မမှန်မကန်သတင်းတွေ၊မဟုတ်မမှန် ဝါဒတွေဖြန့်ပြီး တော်လှန်ရေး အင် အားစုအချင်းချင်း၊တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း၊တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUGကြား ၊ပါတီ တခုနဲ့တခု၊အစုအဖွဲ့တခုနဲ့ တခုကြားမှာ သွေးခွဲနေတယ်လို့ ယာယီသမ္မတကဆိုပါတယ်။
အလားတူ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲတဲ့တော်လှန်ရေးကို တောင့်ခံနိုင်တဲ့ အစိုးရနဲ့ စစ်တပ်မရှိဘူးလို့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာထည့်ပြောပါတယ်။ဗမာလူမျိုးကြီး ဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို စွဲကိုင်ထားတဲ့ စစ်တပ်ဟာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေရဲ့ ရန်သူသက်သက်သာ မဟုတ်ဘဲ ပြည်သူတရပ်လုံးရဲ့ ရန်သူဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ အမျိုးသားအတိုင်ပင်ခံကောင်စီ(NUCC)တို့က မနေ့က ပူးတွဲထုတ်ပြန်တဲ့ နှစ်သစ်ကူး ထုတ်ပြန်ချက်မှာလည်း ပြည်သူ့တော်လှန်ရေး အောင်ပွဲခံချိန်အထိ တော်လှန်ရေး အင်အားစုအားလုံးရဲ့ သွေးစည်းညီညွတ်မှုအားနဲ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးဟာ လူမျိုး၊လူထုလူတန်းစား၊ဒေသပေါင်းစုံက ပြည်သူတရပ်လုံးရဲ့ ပါဝင်ထောက်ခံမှုနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး စုစည်းညီညွတ်မှုတွေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ထောင်ပြီး နှစ်(၇၀)ကျော်ကြာ မြန်မာ့နိုင်ငံရေးပြဿနာကို အပြီးတိုင် ဖြေရှင်းဖို့ဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင့်တပ်တော်(AA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ ကိုးကန့်တော်လှန်ရေးတပ် (MNDAA)တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ နှစ်သစ်ကူထုတ်ပြန်ချက်မှာလည်း လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်မီးကို ဖြေရှင်း နိုင်ဖို့အတွက် ပြည်သူတွေအပါအဝင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အဖွဲ့အ စည်းတွေအားလုံး စုစည်းညီညွတ်မှုနဲ့ အလုပ်လုပ်ကြဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့အနေနဲ့လည်း နွေဦးတော်လှန်ရေးကပေါ်ပေါက်လာတဲ့ တော်လှန်ရေး အဖွဲ့အစည်း တွေထဲက ပြည်သူ့ထောက်ခံမှုရထားပြီး တော်လှန်ရေးဆန်တဲ့ အဖွဲ့အစည်းတချို့နဲ့လက်တွဲပြီးဘုံ ရည်မှန်းချက် တွေပြည့်ဖို့၊စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
စည်းလုံးညီညွတ်မှုရှိရှိနဲ့ ဟန်ချက်ညီညီ လုပ်နိုင်မှသာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မှာဖြစ်တယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူကိုးကန့်တော်လှန်ရေးတပ်(MNDAA)စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က သီးခြားထုတ်ပြန်တဲ့ နှစ်သစ်ကူး ထုတ် ပြန်ချက်မှာလည်း အဖိ နှိပ်ခံပြည်သူတရပ်လုံး အနေနဲ့ ဝမ်းနည်းမှုနဲ့ ဒေသတွေကို စွမ်းအား အဖြစ် ပြောင်းလဲပြီး စည်းလုံးညီညွတ် မှုရှိရှိနဲ့ တော်လှန်ရေးကို အဆုံးထိ ဆက်လက်ဖော်ဆောင်သွားမယ်လို့ ယုံကြည်တဲ့အကြောင်း ဖော်ပြထားပါတယ်။
“တော်လှန်ရေးအောင်မြင်တော့မည်ဖြစ်၍ မိမိတို့အနေဖြင့် စည်းလုံးညီညွတ်ခြင်း၊အခြေအနေများကို တိကျ မှန် ကန်စွာ အကဲခတ်ခြင်းနှင့် အေးအတူပူအမျှ မျှဝေခံစားခြင်းတို့ဖြင့် မိမိတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်ကို အ ကောင်အထည်ဖော်ဆောင်ရွက်သွားကြရပါမည်”လို့ MNDAA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း လာမယ့်နှစ်မှာ တော်လှန်ရေး အဆုံး အဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့အခြေခံကောင်းတွေ ရှိပြီးဖြစ်ကြောင်းနဲ့ တော်လှန်ရေး အင်အားစုတွေ တသံ တည်း ညီဖို့ အရေးကြီးကြောင်း PDF ရဲဘော်တွေအတွက် ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်ကနေတဆင့် မနေ့က ပြောပါ တယ်။
“အရေးကြီးတာက တော်လှန်ရေး အင်အားစုတွေရဲ့ စုပေါင်းအားနဲ့ ဒီတနှစ်အတွင်း တသံတည်းညီပြီး တချီတည်း ရုန်းကြဖို့ပဲ ဖြစ်လိမ့်မယ်”လို့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
NUGG၊NUCC အပါအဝင် တိုင်းရင်းသားတော်လှန်ရေး တပ်ခေါင်းဆောင်တွေရဲ့ နှစ်သစ်မိန့်ခွန်းနဲ့ထုတ်ပြန် ချက် တွေမှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ အဲ့ဒီရွေးကောက်ပွဲကိုပူးပေါင်း ပါဝင် တာ မလုပ်ကြဖို့လည်း ထည့်သွင်းပြောဆို ဖော်ပြကြပါတယ်။