အတုအယောင်ရွေးကောက်ပွဲဖန်တီးပြီး စစ်ကောင်စီထွက်ပေါက်ရှာနေတယ်လို့ NUG ပြော

အာဏာသိမ်းစစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲကိုဖန်တီးပြီး ထွက်ပေါက်ရှာနေတယ်လို့ NUG ရဲ့ ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့ဇန်နဝါရီလ ၁ရက်နှစ်သစ်ကူးမိန့်ခွန်းမှာထည့်သွင်းပြောသွားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာစာမျက်နှာမှာရော၊ ပြည်တွင်းတော်လှန်မှုတွေကြားမှာပါ ထွက်ပေါက်မရှိတော့လို့ အတုအယောင်ရွေးကောက်ပွဲကိုဖန်တီးနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

တိုင်းရင်းသားပြည်သူလူထုရဲ့ ဆန့်ကျင်လိုစိတ်ပြင်းပြမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ကြိုးစားမှုရလဒ်တွေကြောင့် စစ်အုပ်စုဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သံတမန်ရေး ကဏ္ဍတွေမှာ ထိုးနှက်မှုဒဏ်တွေခံရပြီး အင်အားချိနဲ့နေပြီဖြစ်တယ်လို့လည်းဆိုထားပါတယ်။

 ဒါ့အပြင် စစ်အုပ်စုအနေနဲ့ အကြမ်းဖက်တာတွေရပ်တန့်ပြီး မတရားဖမ်းဆီးထားတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေကိုလွှတ်ပေးဖို့နဲ့ ပြည်သူ့ဆန္ဒကိုလိုက်နာပေးဖို့တောင်းဆိုချက်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချနိုင်ခဲ့တာကြောင့် စစ်အုပ်စုကို ကာကွယ်ပြောဆိုမယ့်သူ နိုင်ငံတကာမှာ မရှိတော့ဘူးဆိုတာပေါ်လွင်ထင်ရှားတယ်လို့လည်း ယာယီသမ္မတက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာ သူတို့ရဲ့ အာဏာသက်ဆိုးရှည်ရေး၊ သူတို့ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်းတွေကိုလျှော့ချနိုင်ရေးရည်ရွယ်ချက်နဲ့လုပ်ကြံတဲ့  နိုင်ငံရေးလှည့်ကွက်နဲ့ထောင်ချောက်ဖြစ်တာကြောင့် ဒါကိုဆန့်ကျင်တော်လှန်ရမယ်လို့ မိန့်ခွန်းမှာထည့်သွင်းပြောကြားသွားပါတယ်။

တဖက်မှာလည်း အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေဟာ အာဆီယံ နိုင်ငံတွင်းကျင်းပတဲ့ ထိပ်သီးအစည်းအဝေးတွေမှာလည်း ဖယ်ကျဉ်ထားခံရတဲ့အပြင် အမေရိကန်ပြည်ထောင်စုက အတည်ပြုလိုက်တဲ့ NDAA ဥပဒေမှာလည်း Burma Art ကို ထည့်သွင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ NUG NUCC CRPH EROs CDM နဲ့ PDF တို့ကို အကူအညီပေးဖို့တွေပါဝင်တာကြောင့် နိုင်ငံတကာစာမျက်နှာမှာ စစ်အုပ်စုအတွက် နေရာမရတော့ဘူးဆိုတာ အထင်သားမြင်နေရတယ်လို့လည်း ပြောခဲ့ပါတယ်။

 ဒါ့အပြင် စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ခြေကုန်လက်ပမ်းကျတဲ့အချိန်ကိုစောင့်နေတာဖြစ်သလိုတော်လှန်ရေးအင်အားစုတွေကြားကို ဝါဒဖြန့်သွေးခွဲတာတွေလုပ်နေတာကြောင့်တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုကြားက စည်းလုံးညီညွတ်မှုရှိဖို့လိုအပ်ကြောင်းကိုလည်း ယာယီသမ္မတက သူ့မိန်းခွန်းမှာထည့်ပြောသွားပါတယ်။

တဖက်မှာလည်း  အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့သူ့ရဲ့ ဒီကနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ နိုင်ငံအနှံ့မှာ ရွေးကောက်ပွဲလုပ်မှာဖြစ်တယ်ဆိုပြီးပြောဆိုသွားသလို ရွေးကောက်ပွဲအတွက် လည်းဒေသတချို့မှာ ဖိအားပေးပြင်ဆင်မှုတွေကိုလုပ်ဆောင်နေပါတယ်။