သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ရှောင်ဖို့အတွက် ဘရာဇီး သမ္မတ ဂျဲဘိုလ်ဆွန်နာရိုဟာ အမေရိကန်ကို ရောက်ရှိနေကြောင်း သိရပါတယ်။
အစောပိုင်းမှာ ကတည်းက ဘိုလ်ဆွန်နာရိုက သူဟာ နှစ်သစ်ကူး ကာလမှာ အမေရိကန် သမ္မဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ဖလော်ရီဒါက ဇိမ်ခံ စံအိမ်ကြီးမှာ သွားရောက် နေထိုင်မယ်လို့ နီးစပ်သူ တချို့ဆီ အသိပေး ပြောဆိုထားခဲ့ပါတယ်။ ဒီဇင်ဘာ ၃၀ မှာတော့ သူဟာ ဖလော်ရီဒါကို လေကြောင်းကနေ အမှန်တကယ် ဆိုက်ရောက်လာခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဘိုလ်ဆွန်နာရိုဟာ ဘရာဇီးမှာ သူမရှိတဲ့ အချိန်အတွင်း ဒုတိယ သမ္မတ ဟယ်လ်မီတန် မော်ရိုးကို ယာယီ သမ္မတအဖြစ် တာဝန်လွှဲပြောင်း အပ်နှင်းခဲ့ပါတယ်။ ဒါပေမဲ့ မော်ရိုးကလည်း သမ္မတ စလွယ်ကို အသစ်တက်လာမယ့် သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားဆီ အပ်နှင်းမှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဇန်နဝါရီ ၁ ရက်ကျရင် ဘရာစေလီယာမြို့တော်မှာ ကျင်းပမယ့် အခမ်းအနားမှာ သမ္မတ အရိုက်အရာ လွှဲပြောင်းမှု ဓလေ့ထုံးစံတွေကို ဘယ်လို ကျင့်သုံးမလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။
လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်တဲ့ ဘိုလ်ဆွန်နာရိုဟာ လက်ဝဲယိမ်း ပြိုင်ဘက်ဖြစ်သူ လူလာရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ပါဘူး။ ပြီးတော့ လူလာဆီ အာဏာလွှဲအပ်ပေးတာမျိုး ကိုယ်တိုင် မလုပ်ချင်တာကြောင့် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ အချိန်ကို ခရီးထွက်ပြီး ရှောင်တိမ်းသွားတာ ဖြစ်ပါတယ်။
ဘိုလ်ဆွန်နာရိုဟာ ထရမ့်ရဲ့ သမ္မတ သက်တမ်းအတွင်း လက်ယာစွန်း ဝါဒစွဲ နိုင်ငံခေါင်းဆောင်ချင်း ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နိုင်ခဲ့တာပါ။ ထရမ့် ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ အရေးနိမ့်ချိန်မှာ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတသစ် ရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ရောက်ဘဲ ရှောင်လွှဲခဲ့ဖူးပါတယ်။
ဘိုလ်ဆွန်နာရိုက အမေရိကန် ပိုင်နက်ထဲ ရောက်ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကရော၊ ဘရာစေလီယာမှာရှိတဲ့ ဘရာဇီး သံရုံးကပါ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ ဒီအတောအတွင်း ဘရာဇီး ရဲတပ်ဖွဲ့ဟာ ဘိုလ်ဆွန်နာရိုကို အမာခံ အားပေး ထောက်ခံသူ တချို့ကို အာဏာသိမ်းဖို့ ကြံစည် အားထုတ်မှုတွေအတွက် ဖမ်းဆီးထားကြောင်းလည်း သိရပါတယ်။