အီရန်လုပ် ဒရုန်းတွေကို အစုအပြုံလိုက် အသုံးပြုပြီး ရုရှားက တိုက်ခိုက်လာတဲ့ အခြေအနေတွေ ပြန်ကြုံတွေ့လာကြောင်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားဟာ အီရန်ရဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို ယူကရိန်း စစ်မြေပြင်မှာ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပေမယ့်လည်း ဆောင်းရာသီ ဝင်ရောက်လာပြီး အအေးဓာတ် လွန်ကဲလာချိန်မှာ အဲဒီဒရုန်းတွေ အသုံးပြုမှု ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါဟာ အီရန် ဒရုန်းတွေက အရမ်းအေးမြတဲ့ အချိန်အခါမျိုးမှာ မပျံသန်းနိုင်တာကြောင့် ဖြစ်လိမ့်မယ်လို့ စစ်ရေး သုတေသီတွေက မှတ်ချက် ပေးထားကြပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာ ၃၀ မနက် အစောပိုင်းမှာတော့ ယူကရိန်းနိုင်ငံ အနှံ့ကို အီရန်ရဲ့ ဒရုန်း ၁၆ စင်းထက်မနည်း ပျံသန်း ဝင်ရောက်လာခဲ့တဲ့ အခြေအနေမျိုး ပြန်ကြုံတွေ့လာပါတယ်။ အဲဒီထဲက ၇ စင်းဟာ မြို့တော် ကိယက်ဗ်ကို ဦးတည်ခဲ့တာလို့ ဆိုပါတယ်။ ဒရုန်းအားလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ထုတ်ပြန်ပါတယ်။
ယူကရိန်းရဲ့ အရပ်ဖက် စွမ်းအင်နဲ့ တခြား အခြေခံ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက် ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ ရုရှားက ဒါဟာ ယူကရိန်းရဲ့ တပ်တွေနဲ့ တခြား စစ်သုံးပစ္စည်းတွေ ရွေ့လျား နေရာချနိုင်စွမ်းကို ကန့်သတ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။
ဒီဇင်ဘာ ၃၀ က မနက် နေမထွက်သေးခင် အစောပိုင်း ၂း၀၀ နာရီ ဝန်းကျင်လောက်မှာ ကိယက်ဗ် မြို့ခံတွေဟာ လေကြောင်း အန္တရာယ် သတိပေး ဥဩသံတွေကြောင့် လန့်နိုးလာပြီး အကာအကွယ်တွေဆီ အပြေးအလွှား သွားရောက် ခိုလှုံခဲ့ကြပါတယ်။
ကိယက်ဗ်ကို ရောက်နေတဲ့ Reuters သတင်းထောက်က ပေါက်ကွဲသံတွေနဲ့ လေကြောင်း ကာကွယ်ရေး ယူနစ်တွေရဲ့ ပစ်ခတ်သံတွေကို အဆက်အပြတ် ကြားနေခဲ့ပေမယ့် အရုဏ်တက်ချိန်မှာ အဲဒီအသံတွေ ငြိမ်သက်သွားခဲ့ကြောင်း ပြောပါတယ်။
ဒရုန်းတစ်စီးဟာ ကိယက်ဗ်က အုပ်ချုပ်ရေးဆိုင်ရာ ၄ ထပ် အဆောက်အအုံ တစ်လုံးကို ထိမှန်လို့ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ယူကရိန်း စစ်တပ်က၂၄ နာရီအတွင်း ပုံသဏ္ဍန် ကွဲပြားတဲ့ လေကြောင်းတိုက်ခိုက်မှု ၁၈၀ ကျော်ကို ကြုံခဲ့ကြောင်း ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သူတို့ရဲ့ အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်မှုတွေဟာ ယူကရိန်းရဲ့ စစ်ရေး ပစ်မှတ်တွေကိုသာ ချေမှုန်းခဲ့တာဖြစ်ပြီး တာဝေး ရောက်ရှိနိုင်ပြီး အရမ်းတိကျတဲ့ စစ်လက်နက်တွေကို အသုံးပြုခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်မှု မရှိနိုင်ဘူးလို့ ကာကွယ် ပြောကြားထားပါတယ်။
ဒီဇင်ဘာ ၃၀ က အီရန် ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကိုတော့ ကိယက်ဗ်အပြင် အိုဒက်ဆာ၊ ခါဆွန်၊ လာဗစ်ဗ်စတဲ့ ယူကရိန်း မြို့တွေပါ ကြုံတွေ့ ခံစားခဲ့ရကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆိုပါတယ်။ တကယ်လို့ ယူကရိန်းမှာသာ ထက်မြက်တဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ပိုင်ဆိုင်မထားဘူးဆိုရင် အခြေအနေတွေက ဒီထက် အများကြီး ပိုဆိုးသွားလိမ့်မယ်လို့လည်း ဇီလန်စကီးက အနောက်မဟာမိတ် နိုင်ငံတွေကို ထောက်ပြ သတိပေးခဲ့ပါတယ်။ ရုရှားဟာ အီရန်ဆီက Shahed-136 အမျိုးအစား ဖောက်ခွဲရေး ဒရုန်းတွေ အမြောက်အမြား ဝယ်ယူပြီး စက်တင်ဘာ လလယ်ကစလို့ ယူကရိန်း စစ်မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ကတော့ စစ်ပွဲကာလအတွင်း ရုရှားဆီ ဒရုန်းတွေ တင်ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။