အာဆင်နယ် ကစားသမားဟောင်း အိုဗားမားစ် လေဖြန်းသွားလို့ ဆေးရုံတက်နေရ

အာဆင်နယ်နဲ့ နယ်သာလန် ဂန္ထဝင် ကစားသမားဟောင်း မက် အိုဗားမားစ်ဟာ လေဖြန်းသွားတာကြောင့် ဆေးရုံတက်ရောက်နေရကြောင်း သိရပါတယ်။ 

အသက် ၄၉ နှစ်အရွယ် အိုဗားမားစ်ဟာ လတ်တလောမှာ ဘယ်လ်ဂျီယမ်ကလပ် ရွိုင်ရယ်လ် အန့်တဝပ်ရဲ့ အားကစား ဒါရိုက်တာ ရာထူးကို ရယူထားသူ ဖြစ်ပါတယ်။ သူဟာ အိုင်းယက်စ် အမ်စတာဒမ်၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့လို အသင်းတွေမှာ ကစားသမားဘဝ ဖြတ်သန်းခဲ့ပြီး နယ်သာလန် လက်ရွေးစင် အသင်းအတွက် ၈၆ ပွဲထိ ပါဝင် ကစားပေးခဲ့ပါတယ်။ 

အန့်တဝပ် အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ တောင်ပံတိုက်စစ်သမားဟောင်းဟာ ဒီဇင်ဘာ ၂၉ ရက်မှာ နေထိုင်မကောင်းသလို စတင် ခံစားလာရတာလို့ ဖော်ပြထားပါတယ်။ လောလောဆယ်တော့ အိုဗားမားစ်ရဲ့ ကျန်းမာရေး အခြေအနေက အကောင်းမြင်ထားလို့ရကြောင်း၊ ဒါပေမဲ့ နာလန်ပြန်ထလာဖို့အတွက် ကိစ္စတိုင်းကို အလောတကြီး မဟုတ်ဘဲ တစ်ဆင့်ချင်း ရှေ့ဆက်ဖို့လိုကြောင်း အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လောလောဆယ်မှာတော့ အိုဗားမားစ်ဟာ အလုပ်တာဝန်ကနေ လုံးဝဥဿုံ အနားယူပြီး နာလန်ပြန်ထရေး အတွက်ပဲ အပြည့်အဝ အာရုံစိုက်နေမှာဖြစ်ကြောင်းလည်း အန့်တဝပ် အသင်းဖက်က ပြောပါတယ်။ 

အိုဗားမားစ်ဟာ အိုင်းယက်စ် အသင်းမှာ ဘောလုံးဒါရိုက်တာအဖြစ် ၁၀ နှစ်လောက် လုပ်ကိုင်ပြီးတဲ့နောက် အခုနှစ် အစောပိုင်းမှာ အန့်တဝပ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူဟာ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေဆီ မလျော်မကန် ဓာတ်ပုံတွေ ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံရတဲ့နောက် အိုင်းယက်စ်ရဲ့ ဘောလုံးဒါရိုက်တာ ရာထူးကနေ နုတ်ထွက်ခဲ့ရတာပါ။ 

သူ့ရဲ့ ကစားသမား ဘဝဟာ ရွှေရောင်တောက်ပခဲ့တယ်လို့ ဆိုနိုင်ပြီး အိုင်းယက်စ်မှာ အမှတ်ပေး ချန်ပီယံဆု ၃ ကြိမ်နဲ့ ဥရောပ ချန်ပီယံလိဂ် ဆုဖလားတို့ကို ရရှိခဲ့ပြီး အာဆင်နယ်မှာလည်း အမှတ်ပေး ချန်ပီယံဆု ၁ ကြိမ်နဲ့ ရှုံးထွက်ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ဘာစီလိုနာကို ပြောင်းရွှေ့သွားတဲ့ နောက်ပိုင်းမှာတော့ အိုဗားမားစ်ဟာ ဒဏ်ရာ ပြဿနာတွေရဲ့ ဖိစီးမှုကို ခံစားလာရပြီး ၂၀၀၄ ခုနှစ်မှာ ဘောလုံးသမား ဘဝက အနားယူခဲ့ပါတယ်။