ကြိုတင်ပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေးဘီးယား ဘောလုံးကလပ် အယ်လ်နက်ဆာဆီ ပြောင်းရွှေ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပေါ်တူဂီ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့တဲ့ ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးချိန် ကတည်းက အသင်းလက်မဲ့ ဖြစ်နေသူပါ။ သူဟာ အင်္ဂလန် ကလပ်ရဲ့ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းပိုင်ရှင်တွေနဲ့ ကစားသမားဟောင်းတွေ အပါအဝင် တော်တော်များများကို ပြင်းပြင်းထန်ထန် ထိုးနှက် ဝေဖန်ခဲ့တဲ့နောက် အသင်းက စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ အယ်လ်နက်ဆာ အသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ခဲ့ပြီး သမိုင်းတလျှောက် လုပ်ခလစာ အမြင့်မားဆုံး ဘောလုံးသမား ဖြစ်လာဖွယ် ရှိနေပါတယ်။ သတင်းတွေအရ အယ်လ်နက်ဆာဟာ ရော်နယ်လ်ဒိုကို တစ်နှစ် စတာလင်ပေါင် ၁၇၇ သန်း (ဒေါ်လာ ၂၁၄ သန်းကျော်) လုပ်ခလစာ ပေးချေသွားမယ်လို့ ယုံကြည်ရပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၅ ကြိမ် ဆွတ်ခူး ရရှိခဲ့ဖူးပြီး မျိုးဆက်တစ်ခုအတွင်း အထူးချွန်ဆုံး ဘောလုံးကြယ်ပွင့် တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ရော်နယ်လ်ဒိုက သူဟာ ကံကောင်း ထောက်မစွာနဲ့ပဲ ဥရောပ ဘောလုံးလောကမှာ အောင်မြင်မှု အားလုံးကို ရရှိနိုင်ခဲ့ကြောင်း၊ အခုအချိန်မှာတော့ သူ့ရဲ့ အတွေ့အကြုံကောင်းတွေကို အာရှ ဘောလုံးလောကအတွက် မျှဝေပေးနိုင်ဖို့ အချိန်အခါကောင်း ဖြစ်လာပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
အယ်လ်နက်ဆာ အသင်းဟာ ဆော်ဒီရဲ့ ပရိုလိဂ် အမှတ်ပေး ချန်ပီယံဆုကို ၉ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုကို စာချုပ်ခေါ်ယူနိုင်ခဲ့ခြင်းဟာ အသင်းရဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ အောင်မြင်မှု အချိုးအကွေ့ တစ်ခုလို့ အယ်လ်နက်ဆာက ထုတ်ပြန်ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ယူနိုက်တက်မှာ ပျော်ရွှင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ တခြား ဆော်ဒီ ကလပ် တစ်ခုဖြစ်တဲ့ အယ်လ်ဟီလယ်လ်ရဲ့ စတာလင်ပေါင် ၃၀၅ သန်းတန် ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချခဲ့ဖူးပါတယ်။
နိုဝင်ဘာ လဆန်းပိုင်းမှာတော့ ရော်နယ်လ်ဒိုဟာ ပီရက်စ် မော်ဂန်နဲ့ အင်တာဗျူး အစီအစဉ်မှာ သူဟာ ယူနိုက်တက်ရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရတယ်လို့ ခံစားရကြောင်းနဲ့ အသင်းမန်နေဂျာ အဲရစ် တန်ဟက်ဂ်အပေါ် လုံးဝ လေးစားမှု ထားလို့ မရကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရော်နယ်လ်ဒိုဟာ ဝေဖန် မေးခွန်းထုတ်မှုတွေ ရင်ဆိုင်ခဲ့ရသလို အသင်းကလည်း ၇ လက် သက်တမ်း ကျန်နေတဲ့ သူ့ရဲ့ တစ်ပတ်လုပ်ခ စတာလင်ပေါင် ၅ သိန်းတန် စာချုပ်ကို ဖျက်သိမ်းစေခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ယူနိုက်တက်မှာ စတင် တောက်ပလာပြီး ၁၁ နှစ် အကြာ၊ ၂၀၂၁ ခုနှစ်မှာ အသင်းဟောင်းဆီ တကျော့ပြန် ရောက်ရှိခဲ့သူပါ။ သူဟာ ယူနိုက်တက် ကစားသမားဘဝ နှစ်ကြိမ် ဖြတ်သန်းမှုအတွင်း ၃၄၆ ပွဲ ကစားပြီး ၁၄၅ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။