ဖားကန့် လုံးခင်းမှာလက်နက်ကြီးကျလို့ ဒေသခံတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာအုပ်စုဆန်ခါကျေးရွာထဲကို ဒီကနေ့ဒီဇင်ဘာ ၃၀ရက်နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျလာလို့ ဒေသခံတဦးသေဆုံးပြီးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

နေ့လယ် ၃နာရီလောက်မှာ လက်နက်ကြီးတလုံးကျလာတာဖြစ်ပြီးနေအိမ်တအိမ်နဲ့ ကက်သလစ် ဘုရားရှိခိုးကျောင်းဝင်းအတွင်းက မီးဖိုဆောင်ကိုထိမှန်ခဲ့တာလို့ဆိုပါတယ်။

ဒီအခြေအနေကြောင့် ကက်သလစ်ကျောင်းအတွင်းက မီးဖိုဆောင်အတွင်းမှာရှိတဲ့  လူ၅ဦး လက်နက်ကြီးထိမှန်ပြီး အသက် ၅၂နှစ်အရွယ်  အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးမှာပါဝင်သူက DNA ကိုပြောပါတယ်။

လက်နက်ကြီးထိမှန်သူတွေထဲမှာ ကလေးငယ်တချို့နဲ့ အမျိုးသမီးတွေလည်းပါဝင်နေတယ်လို့ဆက်သိရပါတယ်။

 “ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်တအိမ်ကိုထိမှန်တာက ရှေ့ဆင့်နောက်ဆင့်ပဲ။ ရုတ်တရက်ကျလာတဲ့သဘောပါ”လို့ မျက်မြင်တွေ့သူတဦးကလည်းဆိုပါတယ်။

ဖားကန့် လုံးခင်းနယ်ဘက်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတဲ့ အသံတွေမကြာခဏကြားနေရပေမယ့် ဆန်ခါကျေးရွာထဲကို ကျလာတဲ့ လက်နက်ကြီးကတော့ ဘယ်အဖွဲ့အစည်းကပစ်ခတ်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့လည်း ဒေသခံတွေကိုမေးမြန်းချက်အရသိရပါတယ်။