မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို စစ်ကောင်စီကထောင်ပြောင်းရွှေ့

နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရတဲ့မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မနေ့က ဒီဇင်ဘာ (၃၀) ရက်နေ့လယ်ပိုင်းမှာ ကျိုက်မရော အကျဥ်းထောင်ကနေဒိုက်ဦးမြို့ကျိုက်စကောအကျဥ်းထောင်ကိုပြောင်းရွှေ့ခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ် သူတွေဆီကသိရပါတယ်။

“ဒေါက်တာအေးဇံကို ဒိုက်ဦးက ကျိုက်စကော အကျဥ်းထောင်ကိုရွေ့လိုက်ပြီ၊နောက်ဆုံးရွေးကောက်ပွဲအမှုအပြီးသတ်အမိန့်ချလိုက်တာဆိုတော့အမှုမရှိတော့လို့ထောင်​နေရာပြောင်းလိုက်တယ်”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တဦးကပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ ရွေးကောက်ပွဲမသမာမှုဆိုင်ရာ အမှုကို အခုလ(၆) ရက်က အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။

အဲ့ဒီအမှုအတွက် ထောင်နှစ်နှစ်အပါအဝင် ဒေါက်တာအေးဇံကို စစ်ကောင်စီက အမှုဆယ်မှုကျော်အတွက် စုစုပေါင်းထောင်ဒဏ် (၂၇)နှစ်အထိ ချမှတ်ထားပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကိုပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ရာဇသတ်ကြီး ပုဒ်မ၅၀၅ (ခ )နဲ့ထောင်ဒဏ်(၂) နှစ်၊ အခုနှစ် မေလ ၁၆ ရက်မှာ အဂတိမှု (၉)မှုနဲ့ ထောင်ဒဏ် (၂၁)နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ထောင်ဒဏ် (၂)နှစ်အပြင်ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)နဲ့ ထောင်ဒဏ် (၂) နှစ် အသီးသီး ချမှတ် ထားတာပါ။

မနေ့က ထောင်ပြောင်းရွှေ့ရာမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တဦးတည်း ကိုသာရွှေ့ပြောင်းခဲ့တာ ဖြစ်ပြီးအခြားနိုင်ငံရေးအမှုနဲ့စွဲဆိုခံရသူတစ်ဦးမှပါဝင်တာမရှိသလို မိသားစုကိုအသိပေးတာမရှိလို့ ထောင်ဝန်ထမ်းတွေဆီစုံစမ်းပြီး မိသားစုဆီအကြောင်းကြားပေးရတယ်လို့ ဒေသတွင်း NLD ပါတီဝင်တွေ ကပြောပါတယ်။

“မိသားစုတွေကိုတော့အကြောင်းကြားပေးနေတယ်၊ဒိုက်ဦးထောင်ကိုအပြောင်းခံရတာကိုပေါ့၊မိသားစုတချို့လည်းလိုက်သွားနေကြတယ်”လို့ NLD ပါတီ ဝင်မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကပြောပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံပြောင်း ရွှေ့ခံရတဲ့ကျိုက်စကောအကျဥ်းထောင်ဟာစစ်ကောင်စီက မတရားပြစ်ဒဏ်ချမှတ်ထားတဲ့နိုင်ငံ ရေးအကျဥ်းသားတွေအပေါ် ဆိုးဆိုးရွားရွား ဖိနှိပ်မှုတွေ လုပ်လေ့ရှိတယ်လို့ နိုင်ငံရေးအကျဉ်း သားအသိုင်းအဝိုင်းက ပြောပါတယ်။