ဧရာဝတီတိုင်းထဲက ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းတွေ ရပ်တည်ဖို့ခက်ခဲလာ

အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှ၊ ဥရောပနိုင်ငံတချို့ကိုတင်ပို့ရောင်းချနေတဲ့  ဂဏန်းအရေပျော့ ရောင်းဝယ်ရေးလုပ်ငန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကုန်စည်စီးဆင်းမှုနှောင့်နှေးတာတွေကြောင့်ပြည်ပဈေးကွက်မရှိသလောက်ဖြစ်လာပြီး ရပ်တည်ဖို့ခက်ခဲလာတယ်လို့ဧရာဝတီတိုင်းထဲကဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကုန်စည်ပို့ဆောင်ရာမှာ ကြန့်ကြာပြီး စစ်ဆေးမှုတွေကြား ဂိတ်ကြေးတွေ အဆမတန်ပေးနေရတာတွေ အထွေထွေဝန်ဆောင်စရိတ်ကြီးမြင့်တာတွေကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ခက်လာပြီး  ပြည်ပဈေးကွက်မှာယူမှုတွေလျော့ကျသွားသလို ရပ်တည်ဖို့လည်းခက်လာတာဖြစ်တယ်လို့ ဆိုကြပါတယ်။

 “ပြည်တွင်းဈေးကွက် လောက်နဲ့ မရဘူး။ အရင်ကတည်းက ပြည်ပ ဈေးကွက်ကိုပဲ အားထားရတာ ။ ၂ နှစ်နီးပါးရှိ လာတဲ့အချိန်အထိ ပြည်ပဈေးကွက်နဲ့ ပြန်ပြီး ချိတ်ဆက် မလုပ်နိုင်သေးဘူး ။ဒီလိုအခြေအနေမျိုး နဲ့ ရေရှည်မှာ ရပ်တည်ဖို့ မလွယ်ဘူး “လို့ လပွတ္တာ မြို့နယ် က ဂဏန်း အရေပျော့ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး က DNA ကိုပြော ပါတယ်။

အလားတူ ပြည်တွင်းဈေးကွက်မှာလည်း အရင်ကဂဏန်းပျော့တပိဿာကို ၁၄၀၀၀ ကျပ်ရှိခဲ့ပေမယ့် အခုဒီဇင်ဘာနောက်ဆုံးပတ်မှာတော့ ဈေးနှုန်း ၈၀၀၀ အထိကျဆင်းသွားပြီး အရှုံးပေါ်နေတာကြောင့် ဒေသတွင်းမှာလည်း လုပ်ငန်းရှင် ၇၀လောက်အရင်ကရှိရာကနေ ထက်ဝက်လောက်လျော့ကျ သွားတယ်လို့လည်း ဆက်သိရပါတယ်။

 “ပြည်တွင်းမှာ ကဟိုတယ်စားသောက်ဆိုင်လောက်ဝယ်လိုအား ကရှိနေတော့ လုပ်ငန်းက အရှုံးပေါ်နေ တယ်။ တချို့လည်း အလုပ်သမားစရိတ် စားစရိတ် သုံးစရိတ်ကာမိ ရုံလောက်နဲ့ တောင့်ခံ ပြီး လုပ်နေရတယ်၊ မွေး ကန် တချို့တွေ ရပ်လိုက်တော့အလုပ်လက်မဲ့ တွေ လည်း များလာတာပေါ့။ နိုင်ငံခြားကို ပို့ရောင်းရမှအဆင်ပြေ မှာ” လို့ ဒေသခံ လုပ်ငန်းရှင် တစ်ဦး ကပြောပါတယ်။

ဒါ့အပြင်စားသောက်ကုန်နဲ့အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် ဒေသခံကျွမ်းကျင်လုပ်သား အများစုဟာပုံမှန်ဝင်ငွေနဲ့ လောက်ငှမှုမရှိတာကြောင့် လုပ်ငန်းက စွန့်ခွာပြီး လုပ်ငန်းသစ် ပြောင်းရွေ့တာ ပြည်ပထွက်အလုပ်လုပ်ကြတာတွေလည်းရှိလာတယ်’’ လို့ ဖျာပုံ မြို့နယ်က ဂဏန်း အရေပျော့ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ တွေဆီကသိရပါတယ်။

 ဧရာဝတီတိုင်း မှာဂဏန်း အရေပျော့ မွေးမြုရေး လုပ်ငန်း ကို ဖျာပုံ ဒေးဒရဲ လပွတ္တာ၊ ဟိုင်းကြီးကျွန်း ၊ ဘိုကလေး နဲ့ အမာ စတဲ့မြို့နယ်တွေမှာ အများဆုံးလုပ်ကိုင်နေကြတာဖြစ်ပြီး ဂဏန်းမွေးမြူရေး လုပ်ငန်းရှင်တဦးမှာ မွေးမြူရေး ၁၅ ကန် အထိ ရှိကြပြီး တစ်ကန်ကို မွေးမြူရေး လုပ်သား အနည်းဆုံး ၂၀ ဦးကနေ ၃၀ဦး အထိ နဲ့ လုပ်ကိုင် ကြ ရတာပါ။

ဧရာဝတီတိုင်း အတွင်းကမွေးမြူ ရရှိတဲ့ဂဏန်းအရေပျော့တွေကို ရန်ကုန် ဈေးကွက်ကတဆင့်တရုတ် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ အိမ်နီးချင်း နိုင်ငံတွေ နဲ့ ဥရောပ နိုင်ငံ အချို့ အထိ တင်ပို့ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။