ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကရ ကြယ်ပွင့်ဟောင်းကြီး ပီလီ ကွယ်လွန်

ဘရာဇီးမှာသာ မကဘဲ ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးရဲ့ ဂန္ထဝင် ကြယ်ပွင့်ကြီးအဖြစ် အသိအမှတ်ပြု ခံရသူ ပီလီဟာ အသက် ၈၂ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဆာအိုပေါ်လိုမြို့က အဲလ်ဘတ်အိုင်းစတိုင်း ဂျူးဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေတဲ့ ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်ဟောင်းဟာ ဒီဇင်ဘာ ၂၉ ရက်မှာ သူချစ်တဲ့ မိသားစုနဲ့ သူ့ကို လေးစားတဲ့ ဘောလုံးပရိသတ်တွေကို ထာဝရ စွန့်ခွာသွားခဲ့ပါတယ်။
ပီလီဟာ အရင်က ခံစားခဲ့ဖူးတဲ့ အူမကြီးကင်ဆာ ရောဂါနဲ့ ဆက်စပ်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်မှု ဝေဒနာ တစ်ခုကြောင့် နိုဝင်ဘာ လကုန်ပိုင်း ကတည်းက ဆေးရုံတက်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဆေးရုံရဲ့ တာဝန်ရှိသူတွေက ပီလီရဲ့ ကျန်းမာရေးဟာ အကောင်းဖက်ကို ဦးတည်မလာတော့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၉ ရက်မှာ ပီလီရဲ့ ကိုယ်တွင်းအင်္ဂါ အတော်များများ ချွတ်ယွင်းသွားတဲ့ အခြေအနေကနေ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။ သူ့ရဲ့ သမီးဖြစ်သူက ပီလီ ကွယ်လွန်သွားကြောင်း Instagramမှာ ရေးသား အတည်ပြုခဲ့ပါတယ်။
ပီလီကွယ်လွန်သွားတဲ့နောက် ခေတ်ပြိုင် ဘောလုံးသမားတွေ၊ လက်ရှိ ဘောလုံးလောကမှာ ကျင်လည်နေသူတွေ၊ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်နဲ့ သူကစားခဲ့တဲ့ ကလပ်အသင်း ဆန်းတို့စ်တို့က ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
ပီလီရဲ့ ရုပ်အလောင်းကို လတ်တလော ဆေးရုံမှာပဲ ထားရှိပေမယ့် ဇန်နဝါရီ ၂ ရက်ကျရင် ဆန်းတို့စ် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဗီလာဘယ်လ်မီရို အားကစားကွင်းကြီးရဲ့ အလယ်မှာ ခေါင်းတလားနဲ့ ထည့်သွင်း ပြသထားမှာပါ။ ပရိသတ်တွေရဲ့ နောက်ဆုံးအကြိမ် နှုတ်ဆက်မှုကို ခံယူပြီးရင်တော့ မြို့ထဲမှာ ရုပ်အလောင်းကို လှည့်လည်စေပြီး ဆန်းတို့စ် မြို့က သုဿန် တစ်ခုမှာ အကျဉ်းချုံး နာရေး အစီအစဉ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပီလီဟာ သမိုင်းတလျှောက် ကမ္ဘာ့ဖလားကို ၃ ကြိမ် ဆွတ်ခူးဖူးတဲ့ တစ်ဦးတည်းသော ဘောလုံးသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အမြင့်ဆုံးဖြစ်တဲ့ အဲဒီပြိုင်ပွဲကြီးကို ၄ ကြိမ် ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပီလီဟာ ဘရာဇီးအတွက် ၇၇ ဂိုး သွင်းခဲ့ပြီး နေမာနဲ့အတူ လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်း အများဆုံး ပူးတွဲ စံချိန်ရှင် အဖြစ်လည်း ရပ်တည်နေပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ခြောက်ခုလောက် ကာလအတွင်း ကမ္ဘာ့ဘောလုံးလောကရဲ့ ခြွင်းချက်မရှိ အကျော်ကြားဆုံး နာမည်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။