မင်္ဂလာဆောင်မှာ ကမ္ဘာ့ဖလားကြီးနဲ့ အောင်ပွဲခံခဲ့တဲ့ အာဂျင်တီးနား နောက်ခံလူ

အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးခဲ့သူ နစ်ကိုလက်စ် တက်ဂလီယာဖီကိုဟာ သူ့ရဲ့ မင်္ဂလာပွဲ အခမ်းအနားမှာပါ ဆုဖလားကြီးကို ယူဆောင်လာပြီး အောင်ပွဲခံခဲ့ပါတယ်။

 

ပြင်သစ်ကလပ် အိုလံပစ် လိုင်ယွန်မှာ ကစားနေတဲ့ အသက် ၃၀ အရွယ် ဘယ်တောင်ပံ နောက်တန်းလူဟာ ကာတာမှာ ကမ္ဘာ့ဖလား ရရှိလာတဲ့ အာဂျင်တီးနား အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလား အပြီးမှာလည်း အာဂျင်တီးနားနိုင်ငံရဲ့ ဗျူနိုအေးရိစ် မြို့တော်မှာ ဆက်ရှိနေပြီး ဇနီးဖြစ်သူ ကာရိုလိုင်နာ ကယ်လ်ဗက်ဂ်နီနဲ့ မင်္ဂလာပွဲ ဆင်နွှဲခဲ့တာပါ။

 

တက်ဂလီယာဖီကိုနဲ့ ကယ်လ်ဗက်ဂ်နီတို့ဟာ ထိမ်းမြား လက်ထပ်ပြီးတာ တစ်နှစ်လောက် ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် ကိုဗစ် ကပ်ရောဂါ ဂယက်ကြောင့် မင်္ဂလာ ဧည့်ခံပွဲကို သီးခြား မကျင်းပဖြစ်ခဲ့ပါဘူး။ အခုအခါမှာတော့ လက်ရွေးစင် အသင်းဖော်တွေလည်း အာဂျင်တီးနားကို စုံစုံညီညီ ပြန်ရောက်နေတဲ့ အခုသီတင်းပတ်မှာ တက်ဂလီယာဖီကိုက မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

သတို့သားနဲ့ သတို့သမီးဟာ ရွှေရောင် ကမ္ဘာ့ဖလားကြီးကို အတူကိုင်မြှောက်ရင်း နမ်းရှုပ် အောင်ပွဲခံနေတာ တွေ့ရသလို တက်ဂလီယာဖီကိုကလည်း ကမ္ဘာ့ဖလား ရွှေတံဆိပ်ကို တောက်လျှောက် လည်ပင်းမှာ ဆွဲထားခဲ့ပါတယ်။

 

ဒီမင်္ဂလာပွဲကို အာဂျင်တီးနား ကစားသမားတွေ စုံစုံညီညီ တက်ရောက်ခဲ့ကြပေမယ့် ခြွင်းချက်အဖြစ် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကတော့ သူ့ရဲ့ အသင်းဖော်ကို တောင်းပန်ပြီး အင်္ဂလန်ကို ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်မှာ ဘောလုံးပြိုင်ပွဲတွေ ပြန်စနေပြီ ဖြစ်တဲ့အတွက် မင်္ဂလာပွဲရက်အထိ မာတီနက်ဇ်က စောင့်မနေနိုင်ဘဲ အဆောတလျင် ပြန်သွားရတာပါ။

 

အာဂျင်တီးနားဟာ ၃၆ နှစ်ကြာအောင် စောင့်ခဲ့ရပြီးမှ နိုင်ငံသမိုင်းတလျှောက် တတိယမြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ပြန်လည် ရရှိခဲ့တဲ့အတွက် တစ်နိုင်ငံလုံး ဝက်​ဝက်ကွဲ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။