ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသားလူငယ်တွေကို စစ်တပ်က ထောင်နှစ်ဆယ့်ခြောက်နှစ်အထိ အမြင့်ဆုံးချနေ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသားသမဂ္ဂ ကော်မတီတာဝန်ခံ အပါအဝင် ကျောင်းသားလူငယ် ၅ ဦးနဲ့ လူငယ်တဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ ထောင်ဒဏ် ၄ နှစ်ကနေ ၂၆ နှစ်အထိ အသီးသီးချမှတ်လိုက်တယ်လို့ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂက ထုတ်ပြန်လာပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ မြေပြင်သပိတ်ကော်မတီ တာဝန်ခံ ကိုကောင်းခန့်နိုင်၊ ဒုတိယနှစ်ကျောင်သား ကိုသီဟအောင်နဲ့ ကိုဟိန်းထက်ဇော်၊ ကိုဖြိုးကောင်းထိုက် တို့ကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၂၆ နှစ်စီ ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

အလားတူ တတိယနှစ်ကျောင်းသား ကိုအေးမင်းထိုက်ကို ထောင် ၅ နှစ်နဲ့ အမှုတွဲဖြစ်တဲ့ လူငယ်တဦးကိုလည်း ထောင် ၄ နှစ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ကျောင်းသားလူငယ်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတဲ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ထပ်တိုးပုဒ်မတွေနဲ့ အပြီးသတ်အမိန့်တွေ ထပ်ချဖို့ရှိနေတဲ့အတွက် အခုထက်ပိုတဲ့ ထောင်ဒဏ်တွေလည်း ထပ်ပြီးချမှတ်ခံရဖို့ ရှိနေပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ဇွန်လကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ မရွှေရည်ဝင်း၊ ကိုဉာဏ်ဝင်းထက်နဲ့ ကိုလင်းထက်ကိုကိုတို့ကိုလည်း အခုဒီဇင်ဘာနောက်ဆုံးပတ်ထဲမှာ ထောင်ဒဏ်တွေဆက်ချမှတ်ထားပါတယ်။

ဥပဒေ ဒုတိယနှစ်ကျောင်းသူ မရွှေရည်ဝင်းကိုတော့ ပုဒ်မ ၅၀၅-က နဲ့ထောင် ၃ နှစ် ချမှတ်ထားတာဖြစ်ပြီး ဒုတိယနှစ် စိတ်ပညာကျောင်းသား ကိုဉာဏ်ဝင်းထက်ကိုတော့ အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး ထောင် ၁၅ နှစ် ချမှတ်ထားတဲ့အပြင် ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ကျောင်းသားလူငယ်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ပြီးနှစ်ရှည်ထောင်ဒဏ်တွေအပြင် သေဒဏ်တွေအထိပါ ချမှတ်ထားပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ မတရားဖမ်းဆီးခံရတဲ့ ကျောင်းသားလူငယ်ကတော့ ၁၆ ဦးအထိရှိနေပြီး အဲ့ဒီအထဲက ၁၂ ဦးကိုတော့ စစ်အုပ်စုတရားရုံးက ထောင်ဒဏ်တွေချမှတ်ပြီး ဖြစ်တယ်လို့အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။