တိုက်ပွဲကြောင့် ကော့ကရိတ်မြို့မှာ ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး ကုန်ဈေးနှုန်းမြင့်လာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ သီတင်းပတ်တခုကျော်ကြာ နေ့စဉ်တိုက်ပွဲဖြစ်နေတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး ကုန်ဈေးနှုန်း မြင့်တက်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကော့ကရိတ်မြို့နဲ့ အနီးတဝိုက် ဒေသတွေမှာ အခုလယ်ပိုင်းကစပြီး နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမ ပိတ်ထားရလို့ ကုန်စည်ဆင်းမှု ရပ်တန့်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကုန်ဈေးတွေကတော့ တက်နေတာ ပြောမနေပါနဲ့တော့၊ ကန်စွန်းရွက်ဝယ်တောင် မျက်နှာငယ်နေရတယ်၊ ဘယ်ကားမှလာလို့မရတာ၊ ၅ တိုင်တံတား ပျက်နေတော့၊ ကျုံဒိုးမှာဘဲ ကုန်ကားတွေက ပိတ်မိနေတာ၊ အသီးအရွက်တွေ ဘာတွေတော့ ရောင်းစားလိုက်ရတာပေါ့၊ မနေ့က ကျုံဒိုးမှာ ပန်းဖူးတစ်ဖူးကို ၂၀၀ နဲ့လျှောက်ရောင်းတယ်” လို့ ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ ဆန်ခြောက်ပြည်အိတ်တအိတ် ကျပ် ၁၆၀၀၀ ကနေ ကျပ်နှစ်သောင်းအထိဖြစ်လာသလို စားသုံးဆီနဲ့ စားသောက်ကုန်တွေ၊ အိမ်သုံးပစ္စည်းတွေလည်း အရင်ကထက် သိသိသာသာ ဈေးတက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် လက်ရှိကော့ကရိတ်မြို့မှာ လျှပ်စစ်မီးမရတာကြောင့် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ စက်သုံးဆီအပြင် မီးသွေးကလည်း အရင်တအိတ် ကျပ် ၅၅၀၀ ကနေ ၇၅၀၀ ဖြစ်လာတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့တဝိုက် တိုက်ပွဲမပြင်းထန်ခင် ရက်ပိုင်းကတည်းက မြဝတီ၊ ကော့ကရိတ် အပါအဝင် မြို့တချို့ကို လျှပ်စစ်မီးဖြန့်ဝေနေတဲ့ ထရန်စဖော်မာ ဒရုန်းနဲ့ဖောက်ခွဲတိုက်ခံရတာကြောင့် အဲ့ဒီမြို့တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတာပါ။

ပျက်စီးသွားတဲ့ ထရန်စဖော်မာကို အခုအချိန်အထိလည်း ပြန်လည်ပြင်ဆင်နိုင်တာ မရှိသေးဘူးလို့ ဒေသတွင်း လျှပ်စစ်ဌာနနဲ့ နီးစက်သူတွေဆီက သိရပါတယ်။ အဲ့ဒီလို လျှပ်စစ်မီးပျက်နေတာ၊ လမ်းတွေ ပိတ်နေလို့ ကုန်စည်စီးဆင်းမှုမရှိတာ၊ တိုက်ပွဲဖြစ်နေတာ စတဲ့အခြေအနေတွေကြောင့် ကုန်ဈေးနှုန်းတွေ တက်လာနေတာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဆိုလာနဲ့မီးထွန်းတယ်၊ ရေတင်ရင် မီးစက်နှိုးတယ်၊ မီးက ညပိုင်းသိပ်မသုံးကြဘူးလေ၊ ခုနစ်နာရီထိ မီးထွန်းတယ်၊ ရှစ်နာရီဆို မီးမထွန်းတော့ဘူး၊ မီးပိတ်ပြီး အိပ်ကြတယ်၊ မီးမြင်ရင် ပစ်ထည့်သွားမှာဆိုးလို့” လို့ ကော့ကရိတ်မြို့မှာ နေထိုင်သူတဦးက ဆိုပါတယ်။

ကော့ကရိတ်မြို့တစ်ဝိုက်နဲ့ အာရှလမ်းမတစ်လျှောက်မှာ အခုလ ၁၆ ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ အဲ့ဒီတိုက်ပွဲကာလအတွင်း အာရှလမ်းမပေါ်က တံတားတစင်းနဲ့ ကော့ကရိတ်-မြဝတီ လမ်းဟောင်းပေါ်က တံတားတစင်းလည်း ပျက်စီးခဲ့ပါတယ်။

စစ်တပ်နဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ပေါ်မှာ နေထိုင်သူတချို့ မြို့ကနေ ရှောင်တိမ်းတာတွေ ရှိလာသလို မြို့အနီး တိုက်ပွဲဖြစ်ရာ ဒေသက ဒေသခံ သုံးထောင်ဝန်းကျင်လည်း စစ်ဘေးရှောင်နေကြရပါတယ်။

ဒါအပြင် တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။