မဒါဂက်စကာ နိုင်ငံမှာ နှစ်ရှည်ထောင်ချခံထားရတဲ့ မြန်မာသင်္ဘောသားနှစ်ဦး ဒဏ်ကြေးနဲ့ လွတ်မြောက်ဖို့ ကြိုးပမ်းနေ

အိန္ဒိယ သမုဒ္ဒရာထဲက အရှေ့အာဖရိက နိုင်ငံတခုဖြစ်တဲ့ မဒါဂတ်စကာနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ မြန်မာသင်္ဘောသားနှစ်ဦးအတွက် ဒဏ်ကြေးဆောင်ပေးပြီး ပြန်လည်လွတ် မြောက်လာရေး ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချု ပ် (MSF) ဆီက သိရပါတယ်။

“အလှူငွေထည့်ဝင်ပြီး အမြန်လွတ်မြောက်အောင် ကော်မတီတစ်ရပ်က တာဝန်ယူ ကြိုးပမ်းဖို့လုပ်နေတာ” လို့ MSF တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာသင်္ဘောသားနှစ်ဦးဖြစ်တဲ့ ကိုရန်နောင်ဖြိုးနဲ့ ကိုထွန်းနောင်တို့ဟာ မဒါဂက်စကာနိုင်ငံ ရေပိုင်နက်ထဲ တရားမဝင်ဝင်ရောက်မူ၊ တရားမဝင် သစ်ခိုးထုတ်သယ်ယူမူ​တွေနဲ့ အဲဒီသင်္ဘောမှာ လိုက်ပါလာသူအားလုံးနဲ့အတူ အဖမ်းခံရပြီး ထောင် ၂၅ နှစ် ချမှတ်ခံထားရတာပါ။

အဲဒီမြန်မာသင်္ဘောသားနှစ်ဦးဟာ တရုတ်နိုင်ငံသား ကိုးဦး၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား နှစ်ဦးနဲ့အတူ တရုတ်နိုင်ငံသားပိုင် သင်္ဘောလိုက်ရင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က ပထမဆုံးအခေါက်ဆိုတော့ သင်္ဘောအကြောင်း သိပ်မသိဘူး၊ သင်္ဘောမှာ ဘာတွေပါလဲ၊ဘာတင်လဲ၊ တရားဝင်၊ မဝင် မသိဘဲ ရောခံလိုက်ရတာ” လို့ သင်္ဘောသားတဦးက ပြောပါတယ်။

မြန်မာသင်္ဘောသားနှစ်ဦး လိုက်ပါခဲ့တဲ့ တရုတ်နိုင်ငံသားပိုင် သင်္ဘောကုမ္ပဏီဟာ တရားဝင်လိုင်စင်ရှိပေမယ့် သစ်မှောင်ခိုကူးခဲ့တာဖြစ်ပြီး မဒါကမ်းခြေစောင့်တပ်က ဖမ်းဆီးစစ်ဆေးပြီးနောက် ရေပိုင်နက် ကျူးကျော်မှု၊ သစ်မှောင်ခိုကူးမှုတွေနဲ့ အရေးယူခဲ့တာပါ။

ကနဦးမှာ ဖမ်းမိသင်္ဘောပေါ်က သင်္ဘောသားတွေကို ထောင်ဒဏ်ငါးနှစ်စီချခဲ့သလို သင်္ဘောကုမ္ပဏီကိုလည်း အမေရိကန်ဒေါလာသန်းနှစ်ဆယ် ဒဏ်ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီပိုင်ရှင်က သင်္ဘောနဲ့ သင်္ဘောသားတွေကို စွန့်လွှတ်ပြီး ထွက်ပြေးသွားတာကြောင့် မဒါဂတ်စကာနိုင်ငံ အစိုးရက ဖမ်းမိထားသူတွေကို ထောင်နှစ်နှစ်ဆယ်စီ ထပ်တိုးချခဲ့သလို သင်္ဘောကိုလည်း သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာသင်္ဘောသားနှစ်ဦး ပြစ်ဒဏ်ကလွတ်မြောက်ဖို့အတွက် မဒါဂတ်စကာနိုင်ငံ တရားရုံး ကို ဒဏ်ကြေးအဖြစ်နဲ့ တဦးစီအတွက် အမေရိကန်ဒေါ်လာ နှစ်သောင်း ပေးသွင်းရဖို့ရှိနေတယ်လို့ သင်္ဘောသားရေးရာ စည်းရုံးရေးနဲ့ သက်သာချောင်ချိရေး လုပ်ငန်းကော်မတီက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံသင်္ဘောသားနှစ်ဦး လွတ်မြောက်ရေးအတွက် ဒဏ်ကြေးအဖြစ် စုစုပေါင်း အမေရိကန် ဒေါ်လာလေးသောင်း ကုန်ကျမှာဖြစ်ပါတယ်။ အဲဒီပေးသွင်းရမယ့် ဒဏ်ကြေးကို မြန်မာသင်္ဘောသားအသိုင်းအဝိုင်းက ဝိုင်းဝန်းလှူဒါန်းကြဖို့ ကော်မတီက လှုံ့ဆော်တိုက်တွန်းထားတဲ့ အသိပေးကြေညာစာတစောင်ကိုလည်း ဖြန့်ဝေထားတယ်လို့ သိရပါတယ်။