ရာထူးကနေ ထွက်ခွာရတော့မှာဖြစ်တဲ့ ဘရာဇီး သမ္မတ ဂျဲ ဘိုလ်ဆွန်နာရိုဟာ သူ့ရဲ့ အရိုက်အရာ ဆက်ခံမယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အဲဒီအစား ဇန်နဝါရီ ၁ ရက်ကျရင် သူဟာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ဖိတ်ကြားချက်အရ ဖလော်ရီဒါမှာ ရှိနေတဲ့ ထရမ့်ရဲ့ မာအေလာဂါ စံအိမ်ကြီးကို အထူးဧည့်သည်တော် အနေနဲ့ သွားရောက်နေလိမ့်မယ်လို့ ဆိုပါတယ်။
လက်ယာစွန်း အမျိုးသားရေးဝါဒီ သမ္မတ ဘိုလ်ဆွန်နာရိုဟာ ရွေးကောက်ပွဲမှာ သမ္မတဟောင်း လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗား ဦးဆောင်တဲ့ လက်ဝဲယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစုကို မဲအနည်းငယ်နဲ့ ကပ်ရှုံးခဲ့ပါတယ်။ သူဟာ အာဏာ လွှဲပြောင်းရေးကိစ္စ ဆောင်ရွက်နေပြီလို့ အတည်ပြုထားပေမယ့် လူလာကို သမ္မတသစ်အဖြစ် အသိအမှတ်ပြုတာ၊ ဂုဏ်ပြုတာ လုံးဝ မရှိသလို ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုပါ ရှောင်လွှဲတော့မှာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေက ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် သမ္မတရာထူး လွှဲမပေးရခင် ထရမ့် လုပ်ခဲ့တာတွေနဲ့ တစ်ထပ်တည်း နီးပါးလောက် တူညီနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အပြီးမှာလည်း ထရမ့်ဟာ ဘိုင်ဒန်ရဲ့ အနိုင်ရမှုကို အသိအမှတ် မပြုဘဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိနေတယ်လို့ အစဉ်တစိုက် စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် သမ္မတသစ်အဖြစ် ဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အစီအစဉ်ကိုလည်း မတက်ရောက်ခဲ့ပါဘူး။
လောလောဆယ်မှာ ဘိုလ်ဆွန်နာရိုက ကျမ်းကျိန်ပွဲ မတက်ဖြစ်ဘူး ဆိုတာကို တရားဝင် မကြေညာသေးပေမယ့် နှစ်သစ်ကူးမှာ သူက ဘရာဇီးမှာ မရှိဘဲ ဖလော်ရီဒါကို ရောက်နေမယ်လို့ နီးစပ်ရာ မိတ်ဆွေတွေဆီ အသိပေးထားပြီး ဖြစ်ပါတယ်။ ထရမ့်နဲ့ ဘိုလ်ဆွန်နာရိုတို့ဟာ သူတို့ရဲ့ သမ္မတ သက်တမ်းတွေအတွင်း လက်ယာစွန်း ဝါဒီချင်း ပိုမို ရင်းနှီးကျွမ်းဝင်မှု ရရှိခဲ့ကြပါတယ်။
မကြာသေးခင်က ဘရာဇီး ရဲတပ်ဖွဲ့ဟာ ကျမ်းကျိန်ပွဲကို အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ချက်နဲ့ မြို့တော် ဘရာစေးလီယာမှာ ဆီတင်ထရပ်ကားကြီး တစ်စီးကို ဗုံးထောင် ဖောက်ခွဲဖို့ ကြံစည်ခဲ့သူ တစ်ဦးကို ဖမ်းမိခဲ့ပါတယ်။ အထမမြောက်ခဲ့တဲ့ အဲဒီ အကြံအစည်ရဲ့ နောက်ကွယ်မှာ ဘိုလ်ဆွန်နာရိုကို အမာခံ အားပေး ထောက်ခံသူတွေ ပါဝင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ပါ ဆက်နွှယ်မှု ရှိမရှိ ဆိုတာကို ဆက်လက် စုံစမ်းနေကြောင်း ကြေညာထားပါတယ်။