အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ဝက်ဘ်ဆိုက်က မန်ချက်စတာ ယူနိုက်တက် အသင်း လူစာရင်းမှာ ကစားသမားသစ် တစ်ဦးရဲ့ နာမည်ကို မှားယွင်း ဖော်ပြမိရာက ပရိသတ်တွေ ခေါင်းရှုပ်စရာ ဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်က ပရီးမီးယားလိဂ် ဝက်ဘ်ဆိုက်က ထုတ်ပြန်တဲ့ ယူနိုက်တက် အသင်း လူစာရင်းမှာ ဘီတင်ဟိုဆိုတဲ့ ကစားသမား တစ်ယောက်ရဲ့ နာမည် ရုတ်တရက် ပါဝင်လာပါတယ်။ အဲဒီ ကစားသမားရဲ့ ဓာတ်ပုံကို ဖော်ပြမထားပေမယ့် အသက် ၂၉ နှစ်အရွယ် ပေါ်တူဂီသား ရှေ့တန်းလူဖြစ်ပြီး ကျောနံပါတ် ၁၁ ကို ဝတ်ဆင်မယ်ဆိုတဲ့ အချက်အလက်တွေ ရေးသားထားပါတယ်။
အသင်းက ကစားသမားသစ် ခေါ်ယူကြောင်း ဘယ်လို တရားဝင် ကြေညာချက်မှ ထုတ်ပြန်မထားတဲ့အတွက် ဒီကိစ္စက ယူနိုက်တက် ပရိသတ်တွေကို အံ့ဩသွားစေခဲ့ပါတယ်။ ပိုပြီး မျက်စိလည်စရာ ဖြစ်သွားတာက အဲဒီ အချက်တွေနဲ့ ကိုက်ညီတဲ့ တိုက်စစ်မှူး တစ်ဦးက အမှန်တကယ် ရှိနေပြီး ပေါ်တူဂီကလပ် အက်စ်ပင်ဟိုမှာ ပါဝင် ယှဉ်ပြိုင် ကစားနေပါတယ်။
ဒီကိစ္စက Twitterပေါ်မှာ ဆွေးနွေးမှုတွေ အရှိန်မြင့်လာတဲ့နောက် ပရီးမီးယားလိဂ် ဝက်ဘ်ဆိုက်က ဒါဟာ နည်းပညာ ချွတ်ချော်မှု သက်သက်သာ ဖြစ်ပြီး နာမည်တစ်ခု မှားယွင်း ထည့်သွင်းမိတာလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။
အဲဒီအခါကျမှ ပရိသတ်တွေက ဒီဖြစ်စဉ်ကို အသောဖောက်ပြီး အင်တာနက်မှာ Trollတွေ၊ Memeတွေ ဖန်တီးလာတာကိုလည်း တွေ့ရပါတယ်။ ဘီတင်ဟို ကိုယ်တိုင်ကလည်း နောက်ပြောင်တဲ့ အနေနဲ့ “ကျေးဇူးပါ မန်ချက်စတာ ယူနိုက်တက်ရေ။ မကြာခင် ဆုံကြမယ်နော်”လို့ Instagramမှာ ရေးသားခဲ့ပါသေးတယ်။ ပြီးတော့ သူက ဟာသလို ဖြစ်သွားတဲ့ ဒီကိစ္စကို အလွန်အကျွံ ချဲ့ကားလာတာမျိုး မဖြစ်စေချင်ဘူးလို့လည်း မှတ်ချက် ပေးခဲ့ပါသေးတယ်။
ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်ဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းသွားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နေရာကို အစားထိုးဖို့အတွက် တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူလိုကြောင်း အတည်ပြုထားချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဘီတင်ဟိုနဲ့ ပတ်သက်တဲ့ အလွဲအချော်က ဖြစ်ခဲ့တာပါ။
ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားအပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြန်လည်စတင် ယှဉ်ပြိုင်နေပြီဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက နော်တင်ဟမ် ဖောရက်စ် အသင်းကို ၃-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။