ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းမှာ ၂၀၂၁ ခုနှစ် သြဂုတ်လက လူငယ်တစုကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်မှာ ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေကို တနှစ်ကျော်အကြာမှာ ထောင် ၁၂ အထိ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။
အဲဒီနေ့က လူငယ်တွေရှိရာ ဗိုလ်တထောင်မြို့က နေအိမ်တိုက်ခန်းထဲကို စစ်တပ်က ဝင်ဖမ်းချိန်မှာလူငယ်တချို့က တိုက်ပေါ်က ခုန်ချခဲ့ပြီး ၂ ဦးသေဆုံးကာ ၇ ဦးကတော့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးတဲ့နောက် လူငယ်တွေကို ပေါက်ကွဲစေတတ်သေ ာပုဒ်မတွေနဲ့ စွပ်စွဲတရားစွဲဆိုပြီး ၁ နှစ်ကျော်အကြာမှာ အခုလိုထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာတော့ ပုစွန်တောင်တရားရုံးကပုဒ်မ ၃/၆ နဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ ဗိုလ်တထောင်တရားရုံးက ပုဒ်မ-၅ နဲ့ ထောင် ၅ နှစ်စီ ချမှတ်လိုက်တယ်လို့ ဖမ်းဆီးခံလိုက်ရတဲ့
လူငယ်တွေထဲက မိသားစုဝင်က ဆိုပါတယ်။
‘’ ဒီနေ့ထောင်ချလိုက်တာ အားလုံးပေါင်း ၁၀ ယောက်ပါ။ တခြားလူတွေအကြောင်း မပြောချင်ဘူး။ ကျွန်တော့်သားအကြောင်းတော့ စုစုပေါင်း ၁၂ နှစ်ချလိုက်တဲ့အကြောင်း လူမှုကွန်ရက်မှာ ပိုစ့်တင်ထားပါတယ်။ ကျဆောင်မှာပဲ အဆင်ပြေအောင် ကြိုးစားပြီးနေနေပါတယ်’’ လို့ ဖမ်းဆီးခံလူငယ်တွေထဲက မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။
စစ်တပ်က သူ့ကိုဆန့်ကျင်သူတွေကို ဖမ်းဆီးတဲ့ဖြစ်စဉ်တွေထဲမှာ အထင်ကရဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာတော့ တိုက်ပေါ်ကခုန်ချခဲ့တဲ့ လူငယ်တွေထဲ မဝေဝေမြင့်နဲ့ ကိုဝေဖြိုးဇော်တို့ကတော့ နေရာမှာပဲသေဆုံးသွားခဲ့ကြပြီး လူငယ် ၃ ဦးကတော့ ဒဏ်ရာကြောင့် အပြင်းအထန် ဒဏ်ရာနဲ့ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
အလားတူ အမျိုးသမီးငယ်တဦးဖြစ်တဲ့ မပိုးကျော့ကျော့ခန့်ကတော့ ကိုယ်ဝန်နဲ့ဖမ်းဆီးခံလိုက်ရတာကြောင့် အင်းစိန်အကျဉ်းထောင်တွင်းမှာပဲ ကလေးငယ်ကို မွေးဖွားခဲ့ရပါတယ်။
ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဟာ နိုင်ငံတဝန်း သူ့ကိုဆန့်ကျင်သူတွေကို ပုံစံမျိုးစုံနဲ့ ပစ်ခတ်ဖမ်းဆီးနေပြီး လက်ရှိအချိန်ထိ လူပေါင်း ၂၆၀၀ ကျော်သေဆုံးပြီး ၂၃၀၀၀ ကျော်ကတော့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရပါတယ်။