ကောလင်းမှာစစ်ကြောင်းထိုးရွာမီးရှို့နေတဲ့စစ်တပ်က ပြည်သူလေးဦးကိုဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးပြီးရွာတွေကိုမီးရှို့နေတဲ့ စစ်တပ်က ဒီဇင်ဘာ ၂၆ရက် မနေ့က ကြံချက်ဖိုရွာကနေ ပြည်သူလေးဦးကို ဖမ်းခေါ် သွားတယ်လို့   Kotaungbo Revolution KTB-R အဖွဲ့ဆီကသိရပါတယ်။

“စစ်ဘေးရှောင်တဲ့ပုံစံမျိုးနဲ့နေတဲ့လှည်းတိုက်နဲ့ကြံချက်ဖိုအနီးနားတဝိုက်ကပြည်သူတွေဖြစ်နေတယ်” လို့ Kotaungbo Revolution KTB-R အဖွဲ့ ပြန် ကြားရေးတာဝန်ခံကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူလေးဦးဟာ ကန့်ဘလူ မြို့ နယ်ကနေ ကောလင်းနယ်ထဲ စစ်ရှောင်လာတဲ့ ဇီးကနားနဲ့ ကိုင်းမရွာခံတွေဖြစ်ပြီး အဲ့ဒီပြည်သူလေးဦးကို စစ်တပ်ကကြိုးတုပ်ထားပေမယ့် ရိုက်နှက်စစ်ဆေးတာမျိုးတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ကန့်ဘလူ၊ကောလင်းနယ်အတွင်း ပျူရွာအဖြစ် လူသိများသလို စစ်တပ်လည်းတပ်စွဲထားတဲ့ ကိုးတောင်ဘို့ရွာအခြေစိုက် စစ်တပ်ဟာ ပျူစောထီး တွေအပါအဝင် အင်အားရှစ်ဆယ်ဝန်းကျင်နဲ့ ဒီဇင်ဘာ (၂၅)ရက်မှာ စစ်ကြောင်းစထွက်လာပြီး ကန့်ဘလူ၊ ကောလင်းအစပ်ရွာတွေထဲ လှည့်ပတ်သွားလာကာ ပစ်ခတ်မှုတွေလုပ်ခဲ့သလို ရွာနှစ်ရွာကိုလည်းမီးရှို့ခဲ့တယ်လို့သိရပါတယ်။

အိမ်ခြေ ၅၃ လုံးရှိတဲ့ ဥဒိဿရွာကို အဲ့ဒီစစ်ကြောင်းက ဒီဇင်ဘာ ၂၆ရက်မှာ မီးရှို့ခဲ့လို့ အိမ် ၃၂လုံးမီးသင့်ပျက်စီးခဲ့သလို တနေ့တည်းမှာပဲ အဲ့ဒီရွာနဲ့ သုံးမိုင်ဝန်းကျင်အကွာက အောက်ကျင်းရွာကိုလည်း မီးရှို့ခဲ့တယ်လို့သိရပါတယ်။

အောက်ကျင်းရွာကထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပါဘူး။ ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကြောင်းဟာ ကောလင်းနယ်ထဲကနေ ကန့်ဘလူနယ်ထဲ ပြန်ထွက်သွားပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူလေးဦးကိုလည်း တပါတည်း ခေါ်သွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကန့်ဘလူနယ်ချပ်သင်းရွာကစစ်တပ်နဲ့ပျူစောထီးတွေတပ်စွဲထားတဲ့စခန်းကို ​ဒေသကာကွယ်ရေးတပ်တွေက စီးနင်း တိုက်ခိုက်ခဲ့အပြီးအခုလိုစစ်ကြောင်းလာတာဖြစ်လို့ ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို လိုက်ရှာနေတာဖြစ်နိုင်တယ်လို့ Kotaungbo Revolution KTB-R အဖွဲ့ ပြန်ကြားရေး တာ ဝန်ခံက ပြောပါတယ်။