ထီလင်းမြို့နယ် ဝက်သက်ရွာကို စစ်ကောင် စီကမီးရှို့ ၊ ပြည်သူတဦးကိုဓားစာခံအဖြစ်ဖမ်းဆီး

ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ (၂၆) ရက် ညနေပိုင်းမှာဝက်သက်အရှေ့ပြင်ရွာကိုဝင်ရောက်မီးရှို့ပြီးစစ်ကြောင်းကိုလွတ်အောင်မပြေးနိုင်တဲ့ဒေသခံပြည်သူတဦးကိုလည်း ဓားစာခံ အဖြစ်ဖမ်းဆီးထားတယ်လို့ဒေသခံတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းရဲ့ ဓားစာခံ အဖြစ်ဖမ်းဆီးခံရသူဟာဝက်သက်အရှေ့ပြင်ရွာသားဦးညိုတင်ဆိုသူဖြစ် ပြီး စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ရွာကနေအိမ်သုံးလုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ စစ်ကောင်စီဟာ ပြည်သူတွေကို အကြောက်တရားသွင်းဖို့ ခုလိုရွာတွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ အင်အားပိုတောင့်လာ၊ လက်နက်ပို ပြည့်စုံလာမှဒီမီးရှို့ခံရတဲ့ကိစ္စတွေကလျော့နည်းသွားမှာ” လို့ ဒေသခံတဦးကပြောပါတယ်။

ဝက်သက်အရှေ့ပြင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝက်သက်ရွာမှာ ညအိမ်စခန်းချပြီး နေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီ စစ်ကြောင်းရောက်ရှိလာတာကြောင့် ဒေသခံပြည်သူတွေဘေးလွတ်ရာတောတောင်ထဲကိုတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညကစောင်တွေမလောက်လို့ ချမ်းကြတယ်တဲ့ဗျာ၊ကြားရတော့တညလုံးစိတ်မကောင်းဖြစ်ရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ထီးလင်းမြို့ ရွှေထီးခန်းမကနေ ထွက်လာတဲ့စစ် ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၄ ရက်​ကနေ ၂၆ ရက်အထိ သုံးရက်အတွင်း ကျေးရွာသုံးရွာက နေအိမ် ခုနစ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။