ဆောမြို့နယ် လေကြောင်းပစ်ခတ်မှု ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိ

ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာမှာ စစ်ကောင်စီက မနေ့ကလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မှားယွင်းပစ်ခတ်မှုသာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ ဆောမြို့ဒေသခံတွေက DNA ကိုပြောပါ တယ်။
 
“ဘာမဆီမဆိုင်လျောက်ပစ်တာ၊ ကာကွယ်ရေးခေါင်းဆောင်တွေအစည်းအ‌ဝေးလုပ်နေတယ်ဆိုပြီးပစ်တာ၊ အစည်းအဝေးလုပ်တဲ့နေရာနဲ့ကတခြားစီ၊ ပြည်သူတွေဘာဖြစ်ဖြစ် ဘာမှကိုထည့်မတွက်တဲ့ကောင်တွေ” လို့ ဆောဒေသခံတဦးကပြောပါတယ်။
 
ဆောမြို့ ညောင်ကန်ကျေးရွာထဲကနေအိမ်တချို့ကို စစ်ကောင်စီက မနေ့က ဒီဇင်ဘာ (၂၆)ရက် နေ့လယ်ပိုင်း မှာဂျက်လေယာဉ်အသုံးပြုပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီရွာပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာ မရှိတာကြောင့် ကာကွယ်ရေးခေါင်းဆောင်တွေရဲ့ အစည်းအဝေးသတင်းရသွားလို့ လာပစ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြတာပါ။
 
ဒါပေမယ့် စစ်ကောင်စီလေယာဉ်က ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရသူတွေဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေမဟုတ်ဘဲ ဒေသခံအရပ်သားတွေသာဖြစ်တယ်လို့ဆိုပါတယ်။ မနေ့က လေကြောင်းပစ်ခတ်မှုအတွင်း နေအိမ်တအိမ်ထဲမှာ အတူရှိနေတဲ့ အသက်ခြောက်ဆယ် အရွယ်မိခင်ဖြစ်သူနဲ့ သားနှစ်ဦး ဆွေမျိုး လူငယ်တဦး စုစုပေါင်း တမိသားစု တည်းက လူလေးဦး သေဆုံးခဲ့ပါတယ်။
 
“တူဖြစ်သူကလည်း အဲ့ဒီနေ့ကမှကို သူတို့အိမ်ကိုအလည်လာတာ။ အရင်နေ့တွေကမလာဘူး”လို့ ရွာခံတ ဦးက DNA ကိုပြောပါတယ်။ အဲ့ဒီလေးဦးသေဆုံးတဲ့အပြင် စစ်ကောင်စီရဲ အကြောင်းမဲ့လေကြောင်း ပစ်ခတ်မှုကြောင့် နောက်ထပ် ညောင်ကန်ရွာခံ ရှစ်ဦးလောက် ထိခိုက်ဒဏ်ရာတွေရခဲ့ကြသလို နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
 
ဆော့မြို့နယ်အတွင်းက တနေရာမှာ မနေ့က ဒေသကာကွယ်ရေး ခေါင်းဆောင်တွေရဲ့ အစည်းအဝေးတခုရှိခဲ့ပြီး အဲ့ဒီအစည်းအဝေးသတင်းကို ဒေသတွင်း ပျူစောထီးတွေကတဆင့် စစ်ကောင်စီကရသွားလို့ အခုလို လေကြောင်း နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုဝင် တဦး ကပြောပါတယ်။
 
“တော်တော့ကိုကံကောင်းတယ်ဆိုရမယ်၊ အစည်းအဝေးလုပ်တဲ့နေရာကိုသာ အတိအကျဆိုရင် ခေါင်းဆောင်တွေ အကုန်သေတယ်၊ ပြည်သူတွေကတော့ ကြားညပ်ပြီးသေကြရတာပေါ့ဗျာ” လို့ ဒေသခံ တဦး ကပြောပါတယ်။
 
စစ်ကောင်စီရဲ့ လေကြောင်းကပစ်ခတ်မှုဟာ ညောင်ကန်ရွာမှာ NUG ကဖွင့်ထားတဲ့ ကြားကာလ ပညာ သင်ကြားရေးစာသင်ကျောင်းနဲ့ အနီးတဝိုက်နေအိမ်တွေကို ထိမှန်ခဲ့ပြီး အခုလို ထိခိုက်သေဆုံးမှု တွေရှိခဲ့တာလို့ ဆိုပါတယ်။
 
မကွေးတိုင်းနဲ့ ချင်းပြည်နယ် အစပ် ကန်ပက်လက်မြို့နဲ့ ထိစပ်နေတဲ့ ဆောမြို့နယ်ဟာ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်မှုအားကောင်းတဲ့ဒေသဖြစ်သလို ကျေးလက်ဒေသတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးမှုအားကောင်းပါတယ်။
 
ညောင်ကန်ရွာကတော့ ဆောမြို့ မြောက်ဘက် ဆယ်မိုင်ကျော်အကွာ ပုံမှန်လမ်းအတိုင်း ကားနဲ့ နာရီဝက်ခရီး လောက်မှာ ရှိပြီး အစိုးရ အထက်တန်းကျောင်း အခြေစိုက်ပြီး လူဦးရေတထောင်ဝန်းကျင်ရှိတဲ့ ရွာဖြစ်ပါတယ်။
 
အဲ့ဒီရွာကို မနေ့လေကြောင်းတိုက်ခိုက်မှုလုပ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်ပါ တယ်။