ကိုဆိုဗိုနဲ့ နယ်စပ်နားမှာ တိုက်ပွဲဝင်အဆင့် တပ်လှန့်ပြင်ဆင်ထားကြောင်း ဆာဘီးယားပြော

ကိုဆိုဗိုနဲ့ နယ်စပ်နားမှာ လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ပွဲဝင်အဆင့် အမြင့်ဆုံး တပ်လှန့်ထားလိုက်ကြောင်း ဆာဘီးယား အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

 

ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က သူဟာ ကိုဆိုဗိုမှာ ရှိနေတဲ့ ဆာ့ဘ် အနွယ်ဝင် ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အစွမ်းရှိသမျှ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုဆိုဗိုဟာ ၂၀၀၈ ခုနှစ်မှာ ဆာဘီးယားက ခွဲထွက်သွားခဲ့တာဖြစ်ပြီး ဆာ့ဘ်မျိုးနွယ် တချို့လည်း လက်ရှိ အချိန်ထိ နေထိုင်နေပါတယ်။

 

ဆာဘီးယား ပြည်ထဲရေး ဝန်ကြီး ဘရာတီဆလက်ဗ် ဂါဆစ်ကလည်း သမ္မတရဲ့ အမိန့်အရ ကိုဆိုဗိုနဲ့ နယ်စပ်နားမှာရှိတဲ့ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့အားလုံး တိုက်ပွဲဝင်အဆင့် တပ်လှန့်အမိန့် ရရှိထားတယ်လို့ ပြောပါတယ်။ ရဲတွေနဲ့ ပြည်သူ့စစ်တွေ အပါအဝင် အားလုံးဟာ ဆာဘီးယား စစ်တပ်ရဲ့ စစ်ဆင်ရေး ညွှန်ကြားချက်တွေနဲ့အညီ လှုပ်ရှားသွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

 

ဆာဘီးယားနဲ့ ကိုဆိုဗိုတို့ကြားမှာ မျိုးနွယ်စုဆိုင်ရာ တင်းမာမှု ပြဿနာတွေ အရင်ကတည်းက ရှိခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း အခြေအနေတွေက ပိုဆိုးလာပါတယ်။ ပရစ္စတင်းနား မြို့တော်က ကိုဆိုဗို အစိုးရဟာ ပြည်တွင်းက ဆာ့ဘ် အနွယ်တွေ နေထိုင်ရာ ဧရိယာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာရာကနေ ကျီးလန့်စာစား အခြေအနေတွေ ဖြစ်လာတာပါ။ ကိုဆိုဗိုမှာ လူများစုဖြစ်တဲ့ အယ်လ်ဘေးနီးယား တိုင်းရင်းသားတွေဟာ ဆာ့ဘ်တွေကို ဖိအားပေး နှောင့်ယှက်တာတွေ မကြာခဏ လုပ်လေ့ရှိကြောင်း စွပ်စွဲ ခံထားရပါတယ်။

 

ကိုဆိုဗို အစိုးရကတော့ နိုင်ငံမြောက်ပိုင်းက ဆာ့ဘ်နယ်မြေတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အရင်တုန်းကတော့ ဆားဘီးယား သမ္မတ ဗူဆစ်ဟာ ပြဿနာတွေ ဆိုးသထက်ဆိုးအောင် လုပ်ပွဲတွေ ကစားနေတယ်လို့ ကိုဆိုဗို အစိုးရက စွပ်စွဲခဲ့ဖူးပါတယ်။ ကိုဆိုဗိုက သီးခြားခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာထားပေမယ့် ဆာဘီးယားကတော့ အခုအချိန်ထိ အသိအမှတ် မပြုပါဘူး။

 

ကိုဆိုဗိုမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ NATO မဟာမိတ် အဖွဲ့က နှစ်ဖက်စလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး ရန်စတဲ့ ကိစ္စတွေ ရှောင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီအတောအတွင်း တင်းမာမှုတွေ မြင့်တက်နေတဲ့ ကိုဆိုဗို မြောက်ပိုင်းမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ NATOက စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ ဥရောပ သမဂ္ဂကတော့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်သားတွေနဲ့ ရဲတွေအပေါ် တိုက်ခိုက်တာ၊ ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိလာရင် လုံးဝ သည်းခံနေမှာ မဟုတ်ဘူးလို့ နှစ်ဖက်စလုံးကို သတိပေးထားပါတယ်။