စစ်ကောင်စီက အကျဥ်းသားတွေ ထပ်လွှတ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ အကျဥ်းသားတချို့ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးဖို့ ပြင်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့ အကျဥ်းဦးစီးဌာန သတင်းအရင်းမြစ်တဦးက DNA ကိုပြောပါတယ်။

အကျဥ်းဦးစီးဌာနရုံးချုပ်က ပေးပို့လာတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အကျဥ်းသားစာရင်းကို အကျဥ်းထောင်တွေက ပြုစုပေးပို့ထားကြရပြီး ဘယ်ရက်မှာ လွှတ်ပေးမယ်လို့တော့ အတိအကျမသိရဘူးလို့ ဆိုပါတယ်။ တောင်းထားတဲ့စာရင်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်တယ်လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။

“နိုင်ငံရေးအကျဥ်းသား နှစ်တိုကျသူတွေရော၊ CDM အကျဥ်းသားတွေ စာရင်းပါ တောင်းထားလို့ ဒီရက်ပိုင်းကမှ အပြီးပို့လိုက်ပြီ” လို့ သူကပြောပါတယ်။

လတ်တလော အကျဉ်းထောင်တွေထဲမှာတော့ အခုလ ၂၈ ရက်နဲ့ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တို့မှာ အကျဥ်းသားတချို့ လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး လွတ်မြောက်ဖို့ မျှော်နေသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အကျဥ်းသားတွေထဲကတချို့ကို ပြန်လွှတ်ပေးဖို့ရှိနေတယ်ဆိုတာ သတင်းစကား ကြားသိနေရပေမယ့် ဘယ်လိုပုံစံလွှတ်မယ်ဆိုတာ လေ့လာစုံစမ်းနေဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားတွေဘက်က အမှုလိုက်ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်။

“ဒီလထဲ အမှုတွေ အပြီးသတ် ဆုံးဖြတ်ချက်ချနေတာရယ်၊ သူတို့အတွင်းသတင်းတွေအရဆိုရင် လွတ်လပ်ရေးနေ့မှာ တော်တော်များများ ပြန်လွတ်နိုင်မယ်ဆိုတာလောက် ခန့်မှန်းလို့ရတယ်” လို့ သူကပြောပါတယ်။

မကြာခင်ကပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ မဲခွဲပြီးအတည်ပြုဆုံးဖြတ်ခဲ့သလို ဒေသတွင်းနိုင်ငံတွေကလည်း စစ်ကောင်စီကို ဖိအားတွေပေးထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက လွတ်ငြိမ်းချမ်းသားခွင့် စုစုပေါင်း ရှစ်ကြိမ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းစုကိုသာ ပြန်လွှတ်ပေးလေ့ရှိလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ်ဧပြီလအထိ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား (၅၇၀၀၀) ကျော် ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းလောက်သာ ပါတယ်လို့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ISP Myanmar အဖွဲ့က ထောက်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် ခုနစ်ကြိမ်နဲ့ အကျဉ်းသား (၅၇၀၉၁) ဦးပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးအကျဉ်းခံရသူ (၄၅၅၆) ဦးသာ ပါဝင်ခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီက အကျဉ်းသား (၅၇၀၀) ကျော် ပြန်လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား (၄၀၂) ဦးကိုသာ အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းမှု ဆန့်ကျင်ရေး လုပ်ဆောင်မှုတွေကြောင့် လူ (၁၇၀၀၀) နီးပါး ဖမ်းဆီးခံထားရပြီး (၃၅၀၀) နီးပါးသာ ပြန်လွတ်လာသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။