အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်းပွဲရှိလို့ မှော်ဘီမှာ ဆိုင်ကယ်တွေဖမ်းနေပြီး လုံခြုံရေးတင်းကျပ်

အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်မယ့် အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်းပွဲ မတိုင်ခင် မှော်ဘီမြို့နယ်မှာ လမ်းမပေါ် မောင်းလာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေသလို လုံခြုံရေးလည်းတင်း ကျပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ပွဲက မနက်​​ဖြန်လုပ်မှာလို့​ ကြားတယ်၊ ဆိုင်ကယ်​တွေ လမ်းမပေါ်တက်တာနဲ့ ဖမ်းတယ်၊ ထောက်ကြံ့ကစပြီး လုံခြုံရေးတွေအပြည့်ရှိနေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီးပေါ် ဆိုင်ကယ်စီးခွင့်ကို ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်ပိတ်ထားပြီး စီးနင်းသူတွေကိုလုံခြုံရေးအင်အား အများအပြားနဲ့ စောင့်ကြပ်ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

အဲဒီ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲကို ရန်ကုန်​ရောက်​နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လိူင် တက်ရောက်ဖို့များတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ မှော်ဘီတစ်မြို့လုံးကို လုံခြုံရေးတွေ တင်းကြပ်ထားသလို ကင်းပုန်းတွေလည်း အများ အပြားချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရပ်ကွက်လမ်းတွေထဲအထိ စစ်ကားနဲ့ ရဲကားတွေ မကြာခဏပတ်နေတယ်လို့လည်း ဒေသခံ တွေက ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လိူင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်က တပ်မတော် ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲကို တက်ခဲ့ပြီး အဲ့ဒီသင်တန်းဆင်းပွဲမတိုင်မီကတည်းက အဲဒီတက္ကသိုလ် အနီးတဝိုက်လမ်းတွေကိုပိတ်ပြီး လုံခြုံရေးတင်းကျပ်ခဲ့သေးတယ်လို့ သိရပါတယ်။

မှော်ဘီအမျိုးသမီး ဗိုလ်သင်တန်းကျောင်းကို ၂၀၁၄ ခုနှစ်စတင်ဖွင့်လှစ်ခဲ့ပြီး အဲ့ဒီဗိုလ်သင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်လေ့ရှိပါတယ်။