ဇီဒန်းကို နည်းပြရာထူးအတွက် ဘရာဇီးအသင်း စိတ်ဝင်စားနေတယ်လို့ဆို

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အခြေမလှ ဖြစ်ခဲ့တဲ့နောက် ဘရာဇီး လက်ရွေးစင် အသင်းဟာ နိုင်ငံခြားသား နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ စဉ်းစားနေပြီး ရီးရဲလ်မက်ဒရစ် မန်နေဂျာဟောင်း ဇနီဒင်း ဇီဒန်းကို အလေးအနက် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

 

ပြင်သစ်သား ဇီဒန်းဟာ ၂၀၂၁ ခုနှစ်မှာ စပိန်ထိပ်တန်းကလပ် ရီးရဲလ်ရဲ့ မန်နေဂျာ ရာထူးက နုတ်ထွက်ခဲ့ပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေသူပါ။ သူ့ကို ပီအက်စ်ဂျီ၊ မန်ချက်စတာ ယူနိုက်တက်စတဲ့ အသင်းတွေက စိတ်ဝင်စားခဲ့ဖူးပေမယ့် ဇီဒန်း ကိုယ်တိုင်ကတော့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နည်းပြရာထူးအတွက် ကမ်းလှမ်းလာမှာကို စောင့်နေတာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။

 

ဒါပေမဲ့ ပြင်သစ်ရဲ့ လက်ရှိနည်းပြ ဒီဒီရာ ဒက်စ်ချမ့်ကတော့ အသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့နောက် လက်ရှိ ရာထူးမှာ ဆက်မြဲနေမယ့်သဘော ရှိပါတယ်။ ဒီအခြေအနေကြောင့် ဇီဒန်း အနေနဲ့ အပြောင်းအလဲ တစ်ခုခုကို စဉ်းစားလာဖွယ် ရှိနေပါတယ်။

 

အခုအခါ ဘရာဇီး အသင်းက ဇီဒန်းကို သူတို့ရဲ့ နိုင်ငံခြားသား နည်းပြအနေနဲ့ ခန့်အပ်နိုင်ဖို့ အလေးအနက် စိတ်ဝင်စားနေကြောင်း ပြင်သစ် သတင်းဌာန L’ Equipeက ဖော်ပြလာပါတယ်။ ဘရာဇီးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ထိသာ ရောက်ရှိပြီး ခရိုအေးရှားကို အရေးနိမ့် ထွက်ခွာခဲ့ရတဲ့နောက် နည်းပြ တစ်တီနဲ့ လမ်းခွဲခဲ့ပြီး လောလောဆယ် လက်ဆုပ်လက်ကိုင် နည်းပြ မရှိပါဘူး။

 

အသက် ၅၀ အရွယ် ဇီဒန်းဟာ လောလောဆယ်မှာတော့ တစ်တီ့နေရာ ဆက်ခံဖို့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ရဲ့ မျက်စိအကျဆုံး ပစ်မှတ် ဖြစ်နေတယ်လို့ L’ Equipeက ဆိုပါတယ်။ တကယ်လို့ ဒီသတင်းသာ အမှန်ဆိုရင်တော့ ဘရာဇီးဟာ သူတို့ကို အသည်းခွဲဖူးတဲ့ သူကိုမှ လိုချင်နေတယ်လို့ ဆိုရမှာပါ။

 

ဇီဒန်းဟာ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘရာဇီးကို ၂ ဂိုးသွင်းပြီး ပြင်သစ်အတွက် ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးစေခဲ့ဖူးပါတယ်။ သူဟာ ပြင်သစ်ရဲ့ ဂန္ထဝင် ကစားသမား ဖြစ်ခဲ့ရုံသာ မကဘဲ မန်နေဂျာ ဘဝမှာလည်း ရီးရဲလ်ကို ဥရောပ ချန်ပီယံလိဂ် ဆုဖလား ၃ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်အောင် အကောင်းဆုံး ဦးဆောင်ပြခဲ့ပါတယ်။