ကော့ကရိတ်မှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနေရာတချို့နဲ့ မြို့အနီးဝန်းကျင်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ အခုညပိုင်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်နေသလို စစ်ကောင်စီက လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အခုက အနီးကပ်ဖြစ်နေပြီ၊ နီးနီးလေးပဲ၊ မြို့ထဲမှာတော်တော်ညံဆူနေပြီ၊ အနီးကပ်တိုက်ပွဲဖြစ်သွားပြီ” လို့ ကော့ကရိတ်မြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့အနီးက ကော့နွဲ့ရွာအနီးမှာလည်း ဒီကနေ့ည ရှစ်နာရီဝန်းကျင်ကတည်းက အပြန်အလှန် ပစ်ခတ်သံတွေကြားရပြီး ဒေါက်ပလန်ကျေးရွာအုပ်စုထဲက ဘော့ဒိုင်းရွာကိုတော့ စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အယ်စေးဝါးတို့ ဟိုတခေါက်ဝင်တဲ့ ဝန်ထမ်းအိမ်ရာအနောက်ကျောတွေ၊ ၉၇(တပ်ရင်း) အနောက် ဘက်ခြမ်းတွေရော လက်နက်ကလေးအသံရော၊ လက်နက်ကြီးအသံရော ပြန်ကြားနေရတယ်” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ဒီကနေ့ညတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး အလုံးလေးဆယ်ကျော် ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတဦးက ဆိုပါတယ်။

ကော့ကရိတ်မှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာ သီတင်းပတ်တခုနီးပါး ကြာမြင့်လာပြီဖြစ်ပြီး အဲ့ဒီတိုက်ပွဲကြောင့် အာရှလမ်းမကြီးကိုလည်း ပိတ်ထားရပါတယ်။