ခရစ္စမတ်နေ့မှာ စစ်ကြောင်းထိုးလို့ ကလေးမြို့တောင်ဘက်ကျေးရွာကပြည်သူတွေ တိမ်းရှောင်နေရ

စစ်ကောင်စီစစ်ကြောင်းဟာဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်ခရစ္စမတ်နေ့မှာ ကလေးမြို့တောင်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာကြောင့ ပြည်သူတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

 “ စစ်ကြောင်းလာတော့အိမ်မှာနေလို့မရဘူး။ ကျွန်မတို့ကတော့ ကြိုရှောင်ခင်တာပေါ့။ တော်တော်များများက ဒီမနက်မှ ရုတ်တရက်ပြေးကြရတာ” လို့ ဒေသခံတဦးကပြောပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ခရစ္စမတ်နေ့ကလေးမြို့တောင်ဘက် သာစည်၊ ချင်းဆိုင်၊ ဇင်းကလင်း၊ မြို့ကြီးကုန်းရွာဘက်တွေကို စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံတွေဟာတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းဟာ နေ့လယ်ပိုင်းမှာ ချင်းဆိုင်ရွာဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေပြီး ချင်းဆိုင်ကျေးရွာမှာကျန်ရစ်ခဲ့တဲ့ပြည်သူတွေကို ထမင်းချက်ခိုင်းပြီး စားသောက်နေကြတယ်လို့ ဒေသခံတွေ ဆီကနေသိရပါတယ်။

 

 “ သူတို့လာပြီဆိုတာနဲ့ ပြည်သူတွေပြေးကြမှာလဲမပြောနဲ့ သူတို့လာတာနဲ့သေနတ်ကလွဲရင်ဘာပါတာမဟုတ်ဘူး။ ပြည်သူတွေရဲ့ဟာတွေကိုစားသောက်မယ်။ ပစ္စည်းကိုယူမယ်။ သူတို့မှာ ခရစ္စမတ်နေ့မှမဟုတ်ဘူး။ ဘာနေ့မှကိုမရှိတာ” လို့ဒေသခံတဦးကပြောပါတယ်။

 

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်အရှေ့ပိုင်း၊တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေကို ရက်ဆက်စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတာလို့ဆိုပါတယ်။

 

အလားတူပဲကျေးရွာမှာ ကျန်ရစ်သူတွေဟာလည်း တိမ်းရှောင်ဖို့အတွက် အဆင်သင့်အနေအထားနဲ့နေနေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။

 

ကလေးနယ်တောင်ဘက်က ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့တဲ့ တပတ်မှာ ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့ PDF Kalay က သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစစ်သားနှစ်ဦးသေဆုံးကာ ဆယ်ဦးဝန်းကျင်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးအင်အားစုတွေ ဆီကနေသိရပါတယ်။