လာမယ့်နှစ် ရွေးကောက်ပွဲမှာ နောက်ထပ် ဝန်ကြီးချုပ် သက်တမ်းအတွက် ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက ကြေညာလိုက်ပါတယ်။
လာမယ့်နှစ်၊ မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူဟာ ဝန်ကြီးချုပ် ရာထူးအတွက် ပါဝင် အရွေးခံမယ်လို့ အခုသီတင်းပတ်ကုန်မှာ ပယာရွတ်သ်က အတည်ပြု ထုတ်ပြန်လိုက်တာပါ။ သူဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ အကြီးအကဲဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို စိတ်တိုင်းကျ ပြင်ဆင် ရေးဆွဲပြီးတဲ့နောက် ဝန်ကြီးချုပ်နေရာကို ရလာခဲ့သူပါ။
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ အတိုက်အခံ အင်အားစုတွေကတော့ ပယာရွတ်သ်ဟာ အာဏာသိမ်း စစ်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်တွေကိုပါ ထည့်တွက်ရင် ရာထူးသက်တမ်း စေ့နေပြီလို့ ဝေဖန် ထောက်ပြနေကြပါတယ်။ မူလက ထိုင်းတရားရုံး တစ်ခုဟာ ဒီကိစ္စနဲ့ ဆက်စပ်လို့ ပယာရွတ်သ်ကို ရာထူးကနေ ယာယီ ဆိုင်းငံ့စေခဲ့ပေမယ့် အပြီးသတ် ဆုံးဖြတ်ချက်အရ သူဟာ ဝန်ကြီးချုပ် ပြန်ဖြစ်လာခဲ့ပါတယ်။
ပယာရွတ်သ်ဟာ အများစု ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း လက်ရှိ ကိုယ်စားပြု ပါတီဖြစ်တဲ့ ပါလန် ပရာချာရတ်သ် ပါတီ (PPRP)ကို စွန့်ခွာပြီး ထိုင်းအမျိုးသား ညီညွတ်ရေးပါတီ (UTNP)ရဲ့ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာခဲ့ပါတယ်။ လက်ရှိ အာဏာရ နိုင်ငံရေး မဟာမိတ် အင်အားစုဖြစ်တဲ့ PPNPကတော့ လက်ရှိ ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ ပရာဝစ် ဝန်ဆူဝမ်ကို ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် သတ်မှတ် ယှဉ်ပြိုင်စေမယ်လို့ အတည်ပြုထားပါတယ်။
ပယာရွတ်သ်ရော၊ ပရာဝစ်ပါ ထိုင်းစစ်တပ်ရဲ့ ထိပ်ဆုံးအဆင့် ခေါင်းဆောင်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲမှာ သူတို့နှစ်ဦးက ပြိုင်ဘက်တွေ ဖြစ်လာကြမယ် ဆိုပေမယ့်လည်း အပြန်အလှန် ဆက်ဆံရေးက ဆက်လက် အားကောင်း ခိုင်မာနေမယ်လို့ ပယာရွတ်သ်က ပြောပါတယ်။
စက်တင်ဘာလမှာ ထိုင်းရဲ့ အခြေခံ ဥပဒေ ခုံရုံးက ပယာရွတ်သ်ရဲ့ ဝန်ကြီးချုပ်ဖြစ်ခွင့် သက်တမ်းဟာ ၂၀၂၅ ခုနှစ် အကုန်မှာ ပြီးဆုံးစေရမယ်လို့ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ ပျူထိုင်းက လူထု ထောက်ခံမှု အင်အားကောင်းကောင်းနဲ့ ရရှိနေပေမယ့် စစ်အစိုးရ လက်ထက်မှာ ပယာရွတ်သ်စိတ်ကြိုက် ရေးဆွဲထားခဲ့တဲ့ လက်ရှိ ဖွဲ့စည်းပုံ ဥပဒေအရ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ပါတီတွေက တစ်ဖက်သတ် အလေးသာနေဆဲ ဖြစ်ပါတယ်။