ရုရှားမှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ဘိုးဘွားရိပ်သာ မီးလောင်ပြီး နှစ်ဆယ်ကျော် သေဆုံး

ရုရှားနိုင်ငံမှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ဘိုးဘွားရိပ်သာတစ်ခု မီးလောင်မှုကြောင့် လူ ၂၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

 

ဆိုက်ဘေးရီးယား အရှေ့အလယ်ပိုင်းက ခီမီရိုဗိုမြို့မှာ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ခဲ့တာလို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ပါတယ်။ လက်ရှိ အချိန်ထိ အသေအပျောက် ၂၂ ဦး စာရင်းရထားပြီး ၆ ဦးက ဆေးရုံ ရောက်ခဲ့တယ်လို့ ကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒဏ်ရာရထားသူတွေထဲက ၂ ဦးဟာ အပြင်းအထန် မီးလောင်ခံထားရပြီး အခြေအနေ မကောင်းဘူးလို့ ဆိုပါတယ်။

 

အာဏာပိုင်တွေရဲ့ အဆိုအရ သစ်သားတွေနဲ့ ဆောက်လုပ်ထားတဲ့ နှစ်ထပ် အဆောက်အအုံမှာ အဲဒီ ဘိုးဘွားရိပ်သာကို တရားမဝင် ဖွင့်လှစ်ထားတာလို့လည်း သိရပါတယ်။ Tass သတင်းဌာနကတော့ စတုရန်းမီတာ ၁၈၀ လောက် ကျယ်ဝန်းတဲ့ အဆောက်အအုံ တစ်ခုလုံး ပြာကျသွားတယ်လို့ ဖော်ပြထားပါတယ်။

 

အခုအခါမှာတော့ အဆောက်အအုံကို ပိုင်ဆိုင်ပြီး တရားမဝင် ဘိုးဘွားရိပ်သာ ဖွင့်လှစ်ခွင့် ပြုထားတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသား တစ်ဦးကို စစ်ဆေးမေးမြန်းနေကြောင်း ကော်မတီက အတည်ပြုပါတယ်။ ဘိုးဘွားရိပ်သာရဲ့ မီးဖိုတစ်ခုကနေ ချွတ်ချော်မှု ဖြစ်ရာက အခုလို မီးစလောင်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ အများစုဟာ ရိပ်သာမှာ မိသားစုအလိုက် လာရောက် အပ်နှံထားတဲ့ သက်ကြီးရွ်ယအိုတွေလို့လည်း သိရပါတယ်။

 

ခီမီရိုဗိုမြို့ခံတွေဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းကလည်း ဆိုးရွားတဲ့ မီးလောင်မှု သတင်းမျိုး ကြားသိခဲ့ရဖူးပါတယ်။ အဲဒီတုန်းက စျေးဝယ်စင်တာကြီး တစ်ခု မီးလောင်မှုကြောင့် ကလေးငယ်နဲ့ ဆယ်ကျော်သက် အရွယ် ၄၀ လောက် အပါအဝင် လူပေါင်း ၆၀ အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။