အယ်ဒီတာ့အာဘော်

၂၀၂၃ ခုနှစ်မှာ ဇာတ်မျောကြီးကို အဆုံးသတ်ကြမှာလား 

 

၁။ ၂၀၂၂ ခုနှစ်ဟာ နိဂုံးချုပ်ပြီ။ ၂၀၂၃ ခုနှစ်ရဲ့ နိဒါန်း လာပြီ။ လူဟောင်းတွေက နည်းဟောင်းတွေကိုပဲ ဆက်လုပ်ပြီး အမှားဟောင်းတွေကိုပဲ ကျူးလွန်ကြလိမ့်မယ်ဆိုတဲ့ အလားအလာကို တွေ့နေရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ ဖောက်ထွက်နိုင်မယ့်သူတွေ အဲသည့်လောက် ရှားသလား။ အဆိုးကျော့သံသရာတွေထဲ ဝဲလည်လိုက်နေအောင် ဝါဒဖြန့်ချိရေးက ပုံသွင်းထားသလား၊ သို့တည်းမဟုတ် လူအုပ်ကြီးက ဖိထားသလား။

 

၂။ နှစ်,တစ်နှစ်ရဲ့ အစမှာ — ပြီးခဲ့တဲ့ နှစ်ရဲ့ အပြောနဲ့ အလုပ်တွေကို ဆန်းစစ်ကြည့်ကြပါစို့။ အပြောနဲ့ အလုပ် ဘယ်လောက် ညီခဲ့ကြသလဲ။ ဆက်ပြီးတော့ ဘယ်လောက်ထိ မျှော်လင့်နိုင်သလဲ၊ မျှော်မှန်းနိုင်သလဲဆိုတာကို ချင့်တွက်ကြရပါလိမ့်မယ်။ ဒါ့အပြင် ဖြစ်နိုင်ချေရှိသော တိုးတက်ဖြစ်ထွန်းမှုတွေကို ကာယကံမြောက်ပေါ်ထွက်အောင်လည်း ကြိုးစားကြရမယ်။ ဖြစ်သင့်တာတွေကို ဆက်လက်လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။

 

၃။ ၂၀၂၃ ခုနှစ်မှာ — ပြည်သူလူထုဟာ အထွေထွေအသက်ရှုပေါက် ချောင်ချင်စိတ် ပြင်းပြလွန်းနေတာတွေ့ရပါတယ်။ ကျောင်းပညာရေးတွေ ပုံမှန် ပြန်ဖြစ်ချင်နေကြပြီ။ နေ့စဉ် လုပ်ကိုင်ဆောင်တာတွေ၊ သွားလာရောင်းဝယ်ဖောက်ကားရေးတွေ အဆင်ချောနေချင်ပါပြီ။ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတာ — ပင်ပန်းသလို၊ စိတ်မလုံခြုံမှုတွေနဲ့ ဖြတ်သန်းနေရတဲ့ ဘဝကို လူထုဟာ ရပ်တန့်ချင်နေပါပြီ။ ထိုနည်းလည်းကောင်း မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကို ကျော်လွန်ချင်နေပါပြီ။ နိုင်ငံရေးဘက်အသီးသီးဟာ — ငါတို့ အနိုင် – သူတို့ အရှုံးလို့ ဘယ်လောက်ပဲ ပြောနေ ပြောနေ ပြည်သူကတော့ နာနေပါပြီ။

 

၄။ နိုင်ငံရေးအကျဉ်းအကျပ်ထဲမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ – ဦးဆောင် ဖောက်ထွက်ပြီး အကျဉ်းအကျပ်က လွတ်အောင် လုပ်နိုင်စွမ်း မရှိပါ။ မြန်မာ့သမိုင်းမှာ သူရဲကောင်းတွေ အမြောက်အမြား ပေါ်ထွက်ခဲ့တယ်။ အခုလည်း သူရဲကောင်းပေါင်းများစွာ ပေါ်ထွက်နေပါတယ်။ လူစွမ်းကောင်းပေါင်းများစွာ ရှိတယ်လို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကြွေးကြော်နေပေမယ့် — ယခုအချိန်အထိ ဘယ်လူစွမ်းကောင်း၊ ဘယ်သူရဲကောင်းကမှ လက်ရှိ မြန်မာလူထုရဲ့ အကျပ်အတည်းကို လမ်းပြခေါ်ဆောင်နိုင်ခြင်း မရှိသေးပါ။ ဒါ့အပြင် ပညာတတ်တွေ ရှိပါတယ်၊ ပညာရှင်တွေရှိပါတယ်လို့ ပြောနေသော်ငြားလည်း ဘယ်ပညာတတ် / ဘယ်ပညာရှိကမှ လက်ရှိ မြန်မာလူထုရဲ့ အကျပ်အတည်းကို ဦးဆောင် ဖောက်ထွက်ပြနိုင်စွမ်း မရှိပါ။ လူတွေဟာ လူအုပ်ကြီးထဲမှာ ရောယိမ်းလိုက်နေပါတယ်။

 

၅။ တိုင်းပြည်မှာ လက်နက်ကိုင်ပဋိပက္ခ ကြာညောင်းလေလေ၊ လူထုက နာလေလေဖြစ်ပါတယ်။ ယုတ်စွအဆုံး နိုင်ငံရေးဘက်အသီးသီး / အုပ်စုအသီးသီးက ဘယ်ဘက်ကမှ မရှုံးဘူးလို့ ပြောရင်တောင် — လူထုက အထိနာနေလို့ ရှုံးနေပြီးသားဖြစ်ပါတယ်။ ဒါကို ငဲ့ကွက်ကြပြီး ပြတ်ပြတ်သားသား လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ – အကျိုးစီးပွားတွေကို ခြေကုတ်မြဲမြဲ ဖက်တွယ်ထားပြီး၊ ပယောဂတွေကို မကျော်လွန်နိုင်ဘဲ ဆက်လက်လျှောက်လှမ်းကြရင်ဖြင့် – ၂၀၂၃ ခုနှစ်သည်လည်း ဒုံရင်း ဒုံရင်းအတိုင်းပဲ — လွန်ဆွဲအားပြိုင်မှုတွေအကြား မပြတ်မသား ဝဲလည်လိုက် မျောပါနေမှာ ဖြစ်ကြောင်း အထူးသတိပေးအပ်ပါတယ်။

 

အယ်ဒီတာ

၂၃ ၊ ဒီဇင်ဘာ၊ ၂၀၂၂။