ရခိုင်စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီ တွန်းအားပေးနေပြန်

ရခိုင်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို ရိက္ခာဖြတ်ထားပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ အ သည်းအသန်လုပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်တွေကို နေရပ်ပြန်ပို့ဖို့ ထ​ပ်စီစဉ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။

အဏာသိမ်းပြီးကတည်းက ရခိုင်က စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းနေခဲ့တဲ့ စစ်ကောင်စီဟာ အခုတကျော့ပြန် တိုက်ပွဲတွေ ရပ်စဲသွားချိန်မှာ ထပ်ပြီးတော့ နေရပ်ပြန်ခိုင်းတာ၊ စခန်းတွေ ပိတ်သိမ်းဖို့ စီစဉ်တာတွေ ဆက်လုပ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ မြို့နယ်အချို့က စစ်ရှောင်စခန်းတွေဆီ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေ ရောက်လာပြီး နေ ရပ်ပြန်ခိုင်းတာ၊ နေရပ်ပြန်မယ့် သူတွေရဲ့ စာရင်းကောက်ယူတာတွေ လုပ်ခဲ့တယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

“တရက်နေ့ကပဲ ပြန်မယ့်သူတွေကို စာရင်းပေးပါ ဆိုပြီးတော့ လာတောင်းတယ်၊ နေရပ်ပြန်မယ့်သူ၊ နေရပ်မပြန်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်နေမယ့်သူ၊ ဒါမှမဟုတ် အစိုးရအစီအစဉ်နဲ့ နေမယ့်သူဆိုပြီး တော့ပါတယ် စာရင်းကောက်တာမှာ” လို့ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စစ်ရှောင်စခန်းက ဦးသန်းကျော်က ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နေရပ်ပြန်မယ့်သူတွေကို အိမ်ထောင်စုတစု ငွေကျပ်ခြောက်သိန်းနဲ့ ဆန်တလစာ ပေးမယ်လို့ပြောပြီး နေရပ်မပြန်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေမယ်ဆိုရင်တော့ ထောက်ပံ့ကြေး တစုံ တရာရမှာမဟုတ်ဘူးလို့ပြောကြောင်း သူကဆိုပါတယ်။

ဒါပေမယ့် တချို့မြို့နယ်တွေမှာတော့ နေရပ်ပြန်ခိုင်းရုံသာ ပြန်ခိုင်းပြီး နေရပ်ပြန်သူတွေကို အထောက်အပံ့ပေးမယ်လို့ မပြောကြောင်း စစ်ရှောင်တွေက ပြောကြပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာလည်း ရခိုင်ပြည်နယ် စစ်ကောင်စီ ဥက္ကဌ ဦးဆောင်ပြီး စစ်ရှောင် တွေနေရပ်ပြန်ရေးကိစ္စ အစည်းအဝေးလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုလိုမျိုး စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းနေတာဟာ ရွေးကောက်ပွဲအတွက် ပြင် ဆင်တာဖြစ်နိုင်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက သူတို့အမြင်ကို ပြော ကြပါတယ်။

“ပြန်ခိုင်းတာ ငါးခါလောက်ရှိပြီ၊ အခုပြန်ခိုင်းတာကတော့ မဲကောက်မယ့်ဟာကြောင့် တိုင်းပြည်အေး ချမ်းပြီဆိုတဲ့ပုံစံမျိုးနဲ့ ကယ်ဆယ်ရေးစခန်းတွေကို လျှော့ချပစ်မယ်ဆိုတဲ့ပုံစံမျိုးလို့ထင်တယ်၊ အဲလိုပုံစံလုပ်တယ်လို့ထင်တယ်၊ ပြီးတော့ အခုက အတင်းပြန်ခိုင်းတဲ့ ပုံစံမျိုးပါ” လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်တွင်းမှာ အဖွဲ့ပေါင်း တ ထောင်ကျော်၊ အဖွဲ့ဝင်ပေါင်း ခြောက်ထောင်ကျော် အသုံးပြုပြီး ၂၀၂၃ ဇန်နဝါရီ ၉ ရက်ကနေစလို့ အိမ်တိုင်ရာရောက် လူဦးရေစာရင်း ကောက်ယူသွားမယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက အခုလိုမျိုး နေရပ်ပြန်ခိုင်းနေပေမယ့် စစ်ရှောင်တွေကတော့ နေရပ်ပြန်ဖို့ အခက်အခဲရှိ နေသေးတယ်လို့ ပြောကြပါတယ်။
“ကျွန်တော်တို့က ပြန်လို့အဆင်မပြေသေးဘူး၊ ရွာသားတွေ တစ်ယောက်မှ မပြန်သေးဘူး၊ သွားလို့ လည်း မရဘူး၊ စစ်တပ်လည်း ဆုတ်ခွာတာ မရှိသေးဘူး၊အဲဒီဖက်ကမ်းကို တက်လို့လည်းမရဘူး” လို့ ပလက်၀မြို့နယ် နှမဒါကျေးရွာကနေ ကျောက်တော်မြို့နယ်မှာ လာရောက်စစ်ရှောင်နေထိုင်နေသူတဦးက ပြောပါတယ်။

ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာ စစ်ရှောင်စခန်းက ဦးအောင်ကျော်ဝင်းကလည်း စစ် ရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ အဆင်မပြေသေးတဲ့အတွက် နေရပ်အတင်းပြန်ခိုင်းမယ်ဆိုရင် အခက် အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေဟာ သူတို့ရွာထဲနဲ့ ရွာတွေအနီးမှာ စစ်ကောင်စီတပ်သားတွေ ရှိနေတာ၊ နေအိမ်တွေ မီးရှို့ခံထားရတာ၊ မိုင်းအန္တရယ်ကြောင့် လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတာ စတဲ့အချက်တွေကြောင့် နေရပ်မပြန်နိုင်ကြသေးတာလို့ ပြောကြပါတယ်။

“ရွာကို မပြန်ချင်ဘဲ နေပါမလား၊ ဒါပေမယ့် စစ်သားတွေ ရှိနေသေးတော့ မပြန်ရဲသေးဘူး” လို့ ရသေ့ တောင်မြို့နယ် ကျောက်တန်းကျေးရွာကနေ ရသေ့တောင်မြို့ပေါ်မှာ လာရောက်စစ်ရှောင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုတစ်ကျော့ပြန်တိုက်ပွဲကြောင့် ထပ်တိုးလာသူတွေအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။