ကလေးမြို့နယ်က ခရစ္စယာန်ဘုရားကျောင်းတချို့ ခရစ္စမတ်ပွဲတော်စရိတ်တွေကို လှူဒါန်းမယ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တဝိုက်က ခရစ္စယာန် ဘုရားကျောင်းတချို့က ခရစ္စမတ်ပွဲတော်လုပ်ဖို့ စုဆောင်းထားတဲ့ ရံပုံငွေတွေကို ဒေသတွင်းက ဆင်းရဲနွမ်းပါးသူတွေနဲ့ လိုအပ်နေတဲ့ ပြည်သူတွေဆီလှူဒါန်းတာတွေ ရှိနေပါတယ်။

လက်ရှိအထိ ကလေးမြို့နယ်အတွင်းက တောင်ဖီလာနှစ်ခြင်းအသင်းတော်နဲ့ ပြည်တော်သာနှစ်ခြင်းအသင်းတော်တို့က ခရစ္စမတ်ပွဲတော်အတွက် စရိတ်တွေ ပြန်လည်လှူဒါန်းမှာကို DNA ကအတည်ပြု ထားနိုင်ပါတယ်။

တောင်ဖီလာနှစ်ခြင်းအသင်းတော်က ခရစ္စမတ်နေ့မှာ ဝတ်ပြုဆုတောင်းပွဲအပြီး ပြုလုပ်မယ့်အစား အသောက်ပွဲအတွက် ကုန်ကျစရိတ် သိန်း (၃၀) ကျော်ကို မသုံးစွဲတော့ဘဲ အသင်းသားအသင်းသူတွေဟာ လက်ဖက်ရည်သာ သုံးဆောင်ကြမှာ ဖြစ်တယ်လို့ အဲ့ဒီအသင်းတော်ကသင်းအုပ်ဆရာ Dr. Hrang Hmung က ပြောပါတယ်။

“တချို့ကလည်း(စားသောက်ပွဲ)လုပ်ချင်တာပေါ့နော်၊ ဒါပေမဲ့လည်း ဒီလိုကုန်ကျမှာတွေကို အဲလိုလုပ်မဲ့အစား ဒီလို(လှူဒါန်း)လုပ်ခြင်းအားဖြင့် လူလူချင်း ညှာတာထောက်ထားခြင်းအားဖြင့် လုပ်ဆောင် မယ်ဆိုရင် ခုလိုအချိန်မှာ ပိုသင့်လျော်မလား၊ မနှစ်ကလိုပဲ ဒီနှစ်လည်း ဒုတိယအကြိမ်မြောက် ဆက် လက်လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

တောင်ဖီလာနှစ်ခြင်းအသင်းတော်အနေနဲ့ အဲ့ဒီငွေကြေးတွေကို ဒေသတွင်းက အခက်အခဲ ဖြစ်နေသူ တွေ၊ ဆင်းရဲနွမ်းပါးသူတွေ စတဲ့တကယ်လိုအပ်နေတဲ့ နေရာတွေကို စုံစမ်းပြီး လှူဒါန်းသွားမှာဖြစ်တယ်လို့ သင်းအုပ်ဆရာကပြောပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်ကာလမှာလည်း အလားတူလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တောင်ဖီလာနှစ်ခြင်းအ သင်းတော်လိုပဲ ခရစ္စမတ်နေ့မှာ ကုန်ကျမဲ့စရိတ်အားလုံးကို လှူဒါန်းတဲ့ အသင်းတော်တွေ ထပ်ရှိနေ ပေမယ့်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အခုလအတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့သွားတဲ့ နန်းချောင်းရွာ အနီးက ပြည်တော်သာ နှစ်ခြင်းခရစ္စယာန် အသင်းတော်ကလည်း ခရစ္စမတ်ပွဲတော်လုပ်မယ့်ရန်ပုံငွေ ကျပ်သိန်းနှစ်ဆယ်ကို နန်းချောင်းရွာမီးဘေးသင့် ပြည်သူတွေဆီ လှူဒါန်းဖို့စီစဉ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။