ဖားကန့်က စစ်ကောင်စီအကျဉ်းထောင် ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းဒေသက မဇွပ်ယန် အကျဉ်းထောင်ကို ဒီဇင်ဘာ (၂၃) ရက်မနေ့က ည ၉ နာရီခွဲဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကချင်ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဲ့ဒီထောင်ကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အကျဉ်းထောင်တွင်းကနေ ပြန်ပစ်တဲ့အပြင် ဒေသတွင်းတပ်စွဲရာနေရာတွေကလည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့(စစ်တပ်) က ၆၀မမ၊ ၈၁မမ တို့နဲ့ ပြန်ပစ်တာ၊ မဇွပ်ယန်ထောင်ကလည်း ပြန်ပစ်တယ်၊ ယမ်းချက်စက်ရုံကလည်းပစ်တယ်၊ နှစ်မျက်နာဘုရားကလည်းပစ်တယ်၊ နေရာအနှံက ပြန်ပစ်ခတ်ခဲ့တယ်၊ အဲ့ခိုင်လုံကုန်းကလည်း သေနတ်တွေ ပစ်ခတ်ခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မဇွပ်ယန်ထောင်မှာ တပ်စွဲထားတဲ့ စစ်တပ်က KPDF တပ်ဖွဲ့တွေရှိတဲ့ဘက်ကို အခုရက်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့ KPDF နဲ့နီးစပ်သူတဦးက ပြောပါတယ်။

အဲ့ဒီလို နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပါဘူး။ KPDF နဲ့ နီး စပ်တဲ့ဒေသခံကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှ စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်ခတ်မှုတွေ မကြာမကြာလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။