ထီးလင်းနယ် ထလင်းရွာကို စစ်တပ်စီးနင်းပြီး NUG နဲ့မပတ်သက်ဖို့ ခြိမ်းခြောက်

ထီးလင်းမြို့ပေါ် ရွှေထီးခမ်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီဇင်ဘာ (၂၄) ရက်ဒီကနေ့ မနက် ၅ နာရီဝန်းကျင်မှာ ထလင်းရွာကို ဝင်ရောက်ခဲ့ပြီး CDM ကျောင်းဆရာ ဦးသန်းဝင်းဦးရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာခံတွေကိုလည်း NUG နဲ့ မပတ်သက်ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” သူ (CDM ကျောင်းဆရာ) က ရွာမှာကြားကာလ ပညာရေးတာဝန်ခံ၊ သူ့အိမ်ကိုရှိူ့သွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဆရာသန်းဝင်းဦးဟာ CDM ကျောင်းဆရာတဦးဖြစ်ပြီး NUG ပညာရေးစနစ်နဲ့အတူ ထလင်းရွာ ပညာရေးကို စွမ်းစွမ်းတမံဆောင်ရွက်နေသူ ဖြစ်တယ်လို့ ဒေသခံမီဒီယာ ယောအလင်းတန်းကလည်းဖော်ပြထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မနက်အစောကြီး ဝင်ရောက်လာတာကြောင့် ကျေးရွာက ပြည်သူအများစုဟာ တိမ်းရှောင်ချိန်မရဘဲ ရွာထဲမှာ ပိတ်မိနေခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ထလင်းရွာကနေ နေ့လယ်ပိုင်းမှာ ပြန်လည်ထွက်ခွာသွားကြပြီး မထွက်ခွာခင်မှာ ရွာထဲက ကြက်တွေကိုသတ်ပြီး ချက်ပြုတ်စားသောက်သွားကြတယ်လို့ ဆိုပါတယ်။

ရွာကနေ ပြန်ဆုတ်ရာလမ်းမှာလဲ လက်နက်တွေ ပစ်ဖောက်သွားကြတယ်လို့ တော်လှန်ရေးအင်အားစုဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ခုလိုကျေးရွာကိုလာရောက်ပြီး ဆရာသန်းဝင်းဦးနေအိမ်ကို မီးရှို့တာဟာ ဒေသတွင်းဒလန်တဦးက စစ်ကောင်စီကို သတင်းပေးတာကြောင့်ဖြစ်ကြောင်း တပ်တွင်းရင်းမြစ်က နေသိရတယ်လို့ ဒေသခံမီဒီယာ ယောအလင်းတန်းက ဖော်ပြထားပါတယ်။

ထီးလင်းမြို့အပါအဝင် ယောဒေသဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုအားကောင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့နယ်မြေတွေလည်းရှိနေသလို အပြန်အလှန်ထိတွေ့တိုက်ပွဲတွေ၊ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာတွေလည်း မကြာမကြာဖြစ်လေ့ရှိပါတယ်။